ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၅ ရက်
ဧရာဝတီတိုင်းမှာ ဆိုင်ကယ်အဟောင်းဈေးကွက် ဈေးနှုန်းမြင့်တက်လာမှုကြောင့် ဒေသခံပြည်သူတွေ ဝယ်ယူဖို့အတွက် အခက်အခဲတွေရှိလာတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကုန်ဈေးနှုန်းမြင့်တက်လာမှုနဲ့အတူ ဒေါ်လာဈေး မတည်မငြိမ် ဖြစ်မှုတွေကြောင့် ဆိုင်ကယ်အသစ်ဈေးတွေမြင့်တက်သွားပြီးနောက်ပိုင်း အဟောင်းဈေးတွေပါ မြင့်တက် လာခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ အရင်ကဆို အသစ်ဝယ်နိုင်တယ် ခုက အသစ်ဈေးအဆမတန်တက်လာတော့ အဟောင်းထဲက အသန့်လေးတွေဘဲ ဝယ်သုံးနိုင်တော့တယ်၊ အသစ်ဝယ်ရင် အရင်းနှီးတစ်ခုလို့ဖြစ်နေတော့ မဝယ်နိုင်တော့ ဘဲ ကျန်တဲ့ငွေကို အခြားနေရာမှာ ရင်းနှီးလိုက်တယ်”လို့ ကျောင်းကုန်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်အာဏာမသိမ်းခင်က ဟွန်ဒါ ဗိုက်ဖောင်းက သိန်း ၂၀ ကျော်သာရှိခဲ့ပေမယ့် အာဏာသိမ်းပြီး နောက်ပိုင်းမှာ သိန်း ၅၀ ကျော်လောက်ထိမြင့်တက်လာပြီး အခြားဆိုင်ကယ်အမျိုးအစားတွေပါ မြင့်တက် လာတာလို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ အဟောင်းဈေးကွက်ထဲမှာ ဟွန်ဒါအနိမ့်ဘီးဖြစ်တဲ့ NCX – 100 ဘီးတွေနဲ့ တရုတ်ဆိုင်ကယ် လော့ဂျားဘီးတွေသာ အရောင်းအဝယ်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ အရင်က NCX – 100 ဘီးတွေဆိုရင် အဟောင်းဈေးက ၁၂ သိန်းသာသာလောက်ဘဲရှိတယ်၊ အခုလထဲ ၂၀၁၉/၂၀ ဘီးတွေကို ၁၈ သိန်းလောက်ထိဖြစ်လာတယ်၊ လော့ဂျားဆိုရင် အရင်က ၉ သိန်းလောက်ကနေ ခု ၁၃ သိန်းလောက်ဖြစ်လာတယ် အဲ့တာတောင် မနည်းလိုက်ဝယ်နေရတယ် အခြေခံလူတန်းစားတွေ အနေနဲ့ ဆိုင်ကယ်ဝယ်စီးဖို့မတက်နိုင်တော့ဘူး”လို့ မြောင်းမြမြို့ခံပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်တပ်အာဏာမသိမ်းခင်က အသစ်ဝယ်ရောင်းတဲ့ ဆိုင်ကယ်ဆိုင်အများစုဟာလည်း အသစ်ဝယ်တင်တာ သိပ်မရှိတော့သလို အဟောင်းတွေကိုသာ ပြန်လည်တင်ပြီး ရောင်းချတာတွေပိုမိုများပြားလာတယ်လို့ ဆိုပါတယ်။
#ဧရာဝတီတိုင်း #ဆိုင်ကယ်အဟောင်းဈေးကွက် #ဈေးနှုန်းမြင့်တက်
#Ayeyarwaddy_Times