ဧရာဝတီတိုင်းမ်
(ဟားခါး)၊ ဒီဇင်ဘာလ ၁၅ ရက်

ချင်းပြည်နယ်၊ ဟားခါမြို့၊ အခြေစိုက် ၂၆၆ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၃ ဦးနှင့် ဟားခါးမြို့၊ မြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦးတို့သည့် CDF-Zophei ထံသို့ လက်နက်၊ ကျည်ဆံများနှင့်အတူ အလင်းဝင်ရောက်လာခဲ့ကြောင်း CDF-Zopheiထံမှ သိရသည်။

ဟားခါးမြို့၊ အခြေစိုက် ၂၆၆ တပ်ရင်းမှ တပ်သား ဇင်ကိုထက်၊ အောင်ဖြိုးမင်းနှင့် သက်နိုင်ထွန်းတို့သည် ယခင်၊ စက်တင်ဘာလတွင် သေနတ် ၂ လက်၊ လက်ပစ်ဗုံး ၃ ခု၊ ကျည်ဘောက် ၃ ခု၊ ကျည်ဆံ ၇၀၀ ကျော်တို့နှင့်အတူ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။

အလားတူ ဟားခါးမြို့၊ မြို့မရဲစခန်းမှ ရဲတပ်သား အောင်ထန်းလည်း နိုဝင်ဘာလ ၁၅ ရက်နေ့တွင် G-3 သေနတ် ၁ လက်၊ ကျည်ဆံ ၃၀၀ ကျော်၊ ကြည်ကာဝတ်စုံ၊ အခြားအသုံးအဆောင်ပစ္စည်း များနှင့်အတူ CDF-Zophei ထံ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း CDF-Zophei ရဲဘော်တစ်ဦး၏ ပြောဆိုချက်အရသိရသည်။

“လုံခြုံရေးအခြေအနေအရ ချက်ချင်းမထုတ်ပြန်ဖြစ်တာပါ။ ကျွန်တော်တို့ဆီ လာရောက်ခိုလှုံကြတဲ့ အဆိုပါ စစ်ကောင်စီတပ်သားတွေကို CDF-Zopheiက ဂုဏ်ပြုငွေတွေ ပေးအပ်ပြီးတော့ လုံခြုံစိတ်ချရတဲ့ နေရာကို ပို့ဆောင်ပေးပါပြီ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြောကြားချင်တာကတော့ ပြည်သူတွေနဲ့ အမြန်ဆုံးလာရောက် ပူးပေါင်းကြဖို့ တိုက်တွန်းပြောကြားချင်ပါတယ်။ ပြည့်သူရင်ခွင်CDF-Zophei ကို အချိန်မရွေးလာရောက် ပူးပေါင်းခိုလှုံနိုင်ပါတယ်”ဟု CDF-Zophei ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

CDF-Zopheiထံသို့ အလင်းဝင်ရောက်လာခဲ့ကြသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို CDF-Zophei က ကျပ်သိန်း ၁၅၀ ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး ရဲတပ်သားအောင်ထန်းကို ကျပ်သိန်း ၈၀ ချီးမြှင့်ခဲ့ကာ လွတ်မြောက်နယ်မြေသို့ ကောင်းမွန်စွာ ပို့ဆောင်ခဲ့ပြီဖြစ်ကြောင်း ဒေသခံသတင်းဌာနများ၏ ရေးသားဖော်ပြချက်အရသိရသည်။

ဓာတ်ပုံ – The Chin Journal
#Ayeyarwaddy_Times