ဧရာဝတီတိုင်းမ်
(နမ့်ဆန်)၊ ဒီဇင်ဘာလ ၁၅ ရက်
တအာင်း(ပလောင်)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာ၊ ဘုန်းကြီးကျောင်းအား စစ်ကောင်စီတပ်မှ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဟူးမန်းရွာ(၄)ဦး ထိမှန်ပြီး ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကုန်းသာရွာအတွင်း နေအိမ်များအပါအဝင် စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဟူးမန်း ရွာခံက ” ဒီဇင်ဘာ(၁၁)ရက်နေ့ညကတည်းက စစ်ကောင်စီတပ်တွေ ပြန်ဆုတ်သွားပြီကြားတော့ တိုက်ပွဲငြိမ်ပြီဆိုပြီး ဘုန်းကြီးကျောင်းထဲ သန့်ရှင်းရေး သွားလုပ်ကြတာ။ အဲဒါ သူတို့က လေယာဥ်နဲ့ ထပ်ပြီး ဗုံးလာကြဲတာ။ ၄ယောက်လုံးထိတယ်။ အဲထဲမှာ တစ်ယောက်က ပွဲချင်းပြီးဆုံးသွားတယ် တစ်ယောက်က ဆေးကုဖို့ ခေါ်သွားရင်း လမ်းတစ်ဝက်မှာပဲ ဆုံးသွားတယ်။ ကျန်တဲ့ နှစ်ယောက်တော့ ဒူးအောက်ပိုင်း တချို့မှာ ဒဏ်ရာရသွားတယ်။ အခု ဆေးကုသမှု ခံယူနေတယ်” ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ထိခိုက်ပျက်စီးသွားသည့် ကုန်းသာရွာ ဘုန်းတော်ကြီးကျောင်းအား တိုက်ပွဲငြိမ်ပြီဟုဆိုကာ ဟူးမန်းရွာခံ (၄)ဦးမှ သန့်ရှင်းရေးသွားလုပ်ရာ စစ်ကောင်စီမှ ထပ်မံ ဗုံး ကြဲချခြင်းကြောင့် ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း ဟူးမန်းရွာခံတစ်ဦးက အတည်ပြု ပြောဆိုသည်။
လက်ရှိ ကုန်းသာရွာအတွင်း TNLA တပ်ဖွဲ့မှ ပြန်လည်ထိန်းချုပ်ထားနိုင်သော်လည်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု ရှိလာသေးသည့်အတွက် ရွာခံများ နေရပ်ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
နမ့်ဆန်မြို့နယ်အတွင်းရှိ ကုန်းသာ၊ ပိန်းလုံ၊ ဟူးမန်း၊ မန်လုံး၊ ပန်အလောက်နှင့် ဆာမ်ငမ်ရွာမှ ရွာခံ (၁,၃၈၆)ဦး သည် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ရှိတွင် နမ့်ဆန်မြို့ပေါ်ရှိ ဇယန်းကြီး ဘုန်းကြီးကျောင်းတွင် တိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ – CJ
#နမ့်ဆန် #စစ်ကောင်စီတပ် #ဗုံးကြဲ #ရွာခံ #သေဆုံး #ဒဏ်ရာရ
#Ayeyarwaddy_Times