ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၅ ရက်
ယနေ့မနက် ၃ နာရီ ၁၅ မိနစ်အချိန်က မန္တလေးတိုင်းအတွင်း လှုပ်ခတ်ခဲ့သော အင်အားရစ်ချ်တာစကေး ၅.၂ အဆင့်၊ အင်အားအသင့်အတင့်ရှိ မြေငလျင်ကြောင့် မင်းကွန်းမြသိန်းတန်စေတီ အပါအဝင် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းမှ ဘုန်ကြီးကျောင်း၊ ဘုရား၊ စေတီအချို့ ထိခိုက်ပျက်ဆီးခဲ့ကြောင်း သိရသည်။
မင်းကွန်းမြသိန်းတန်စေတီ၏ စိန်ဖူးတော်နှင့် ငှက်မြက်နားတော် မြေခခဲ့ပြီး မင်းကွန်းပုထိုးတော်ကြီးမှာလည်း အက်ကွဲကြောင်းအချို့ဖြစ်ပေါ်ခဲ့ကာ ခြင်္သေ့ရုပ်ကြီးမှာလည်း ယခင်လက်မောင်းရင်းမှ ယခင်အက်ကွဲကြောင်းရှိသည့်နေရာမှ တခြမ်းပဲကျခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“မနက် ၃ နာရီကျော်လောက်မှာလှုပ်တာ။ အိပ်ပျော်နေကြတဲအချိန်ဆိုပေမယ့် တော်တော်ကြမ်းတယ်ဆိုတာ သိလိုက်တယ်။ မနက်မိုးလင်းမှ သိရတာကို ပုထိုးတော်ကြီးက ခြင်္သေ့လက်မောင်း ပဲ့ကျတယ်ဆိုတာနဲ့ မြသိန်းတန်ဘုရားစိန်ဖူးတော် မြေခတယ်ဆိုတာပဲ”ဟု မန္တလေးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ခန္တောတိုက် မဏိရတနာကျောင်းဝင်းအတွင်းရှိ စေတီတော်တို့ စိန်ဖူးတော်မြေခခဲ့ရပြီး အဆိုပါကျောင်းတိုက်ရှိ မျက်နှာကျက်အချို့ပြိုကျခဲ့ကာ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ၏ မျက်နှာတော်ကွာကျပျက်ဆီးခဲ့ကြောင်း မန္တလေးမြို့ခံများက ပြောသည်။
စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကမန္တလေးတိုင်း၊ တံတားဦးမြို့၏ အရှေ့ဘက် ၄ မိုင်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၅ ဒသမ၂ အဆင့်ရှိ အင်အားအသင့်တင့်ရှိတဲ့ မြေငလျင်တခုလှုပ်ခတ်သွားကြောင်း ယနေ့မနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ – CJ
#မန္တလေး #ငလျင် #မြသိန်းတန်စေတီ #စစ်ကိုင်း
#Ayeyarwaddy_Times