ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၅ ရက်

မြန်မာပြည်တွင်းမှာ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း မိုဘိုင်းဖုန်း နှင့် ဖုန်းအပိုပစ္စည်း ဈေးနှုန်းများ ၂ ဆခန့် မြင့်မားလာမှုကြောင့် ဝယ်ယူသုံးစွဲသူများ အခက်အခဲ ကြုံတွေ့နေကြောင်း သိရသည်။

စစ်အာဏာ သိမ်းပြီး ၂ နှစ်နီးပါး (ရက်ပေါင်း ၆၇၀ ကျော်) ကြာလာသည့် ယနေ့အချိန်တွင် မြန်မာ ကျပ်ငွေ တန်ဖိုးလည်း ကျဆင်းလာမှုကြောင့် ပြည်ပမှ တင်သွင်းရသော မိုဘိုင်းဖုန်း နှင့် ဖုန်း အပိုပစ္စည်းများ၏ ဈေးနှုန်းများမှာ နှစ်ဆခန့် မြင့်တက်နေရာ ဖုန်းအသစ် ဝယ်ယူသုံးစွဲရန်နှင့် ဖုန်းအဟောင်းများလည်း ပြန်လည် ပြင်ဆင် အသုံးပြုရန် အခက်တွေ့ရကြောင်း ဖုန်း သုံးစွဲသူများက ပြောပြကြသည်။

ယခင် ကျပ် ၁ သိန်းတန် ဖုန်းမှာ ယခု ၂ သိန်းကျော်အထိ ဈေးနှုန်း မြင့်မားလျက်ရှိကြောင်း၊ ဖုန်းအပို ပစ္စည်းများ၏ ဈေးနှုန်းများမှာလည်း နှစ်ဆခန့် တက်လျက်ရှိကြောင်း မိုဘိုင်းဖုန်း ပြုပြင်သူများကလည်း ပြောသည်။

ဖုန်းအပိုပစ္စည်း လဲလှယ်နှုန်းမှာ ဖုန်း စခရင် နှင့် LCD အတွဲလိုက်ကို လက်ခ မပါဘဲ ယခင် ကျပ် ၂ သိန်းနီးပါးမှ ယခု ၃ သိန်းခန့် ရှိလာကြောင်း မကွေးမြို့မှ မိုဘိုင်းဖုန်း ရောင်းဝယ်ရေးနှင့် ပြုပြင်ခြင်း လုပ်ငန်း လုပ်ကိုင်နေသူ လုပ်ငန်းရှင် တစ်ဦး ကလည်း ဧရာဝတီတိုင်းမ်ကို ပြောသည်။

၎င်းက“ဈေးနှုန်း အတိုင်းအတာအရ နှစ်ဆလောက် တက်သွားတော့ ဖုန်းလာပြင်တဲ့သူတွေ အတွက် အခက်တွေ့တာပေါ့။ ဟိုနေ့ကဆို Oppo F Series ထဲက F21 Pro တစ်လုံး စခရင်နဲ့ LCD အတွဲလိုက် လာလဲတယ်။ အရင်ဈေးက ၁ သိန်း ၈ သောင်းလောက်ပဲ ရှိတာ။ အခုဈေးက ၂ သိန်း ၉ သောင်းဖြစ်နေပြီ။ ဒါတောင် လက်ခ မပါသေးဘူး။ အပိုပစ္စည်းဈေးက နှစ်ဆ တက်နေတော့ တစ်ချို့အသိ‌တွေဆို လဆန်းပိုင်းမှာ ဖုန်းပြင်ဖို့ အပ်ထားပြီး လကုန်မှ လာရွေးကြတော့တယ်”ဟု ပြောပြသည်။

ဖုန်းတန်ဖိုးများမှာလည်း Oppo A စီးရီး ဖုန်း ၁ လုံးလျှင် ယခင် ကျပ် ၂ သိန်း ဝန်းကျင်ကနေ ယခု ၄ သိန်းဝန်းကျင် ဖြစ်နေကြောင်း၊ Oppo F စီးရီးထဲက F21 Pro မှာ ယခင် ကျပ် ၅ သိန်းကနေ ယခု ပေါက်ဈေး ၁၀ သိန်းခန့် ရှိကြောင်းလည်း သိရသည်။

“ဖုန်း အရောင်းဆိုင်တွေက အခုလိုကာလမှာ အရစ်ကျ စနစ်တွေလည်း ပိတ်ထားတော့ အသစ် ဝယ်သုံးမယ့်သူ‌တွေ အတွက် တော်တော် ချိန်ဆနေရတဲ့ သဘော။ Oppo A စီးရီးဆို အရင်က ၂ သိန်းဝန်းကျင်ကနေ ခု ၄ သိန်းဝန်းကျင် ဖြစ်နေပြီ။ Oppo F စီးရီးထဲက F21 Pro ဆို အရင်က ၅ သိန်း အခု ပေါက်ဈေးက ၁၀ သိန်း။ Oppo Reno စီးရီးဆို ဈေး အရမ်း မြောက်လို့ ပစ္စည်းပြတ်နေတယ်။ Huawei တို့ RealMe တို့ Samsung တို့လည်း ထိုနည်းလည်းကောင်းပါပဲ”ဟု မကွေးမြို့မှ မိုဘိုင်းဖုန်း လုပ်ငန်းရှင်က ပြောသည်။

ဖုန်း အရောင်းအဝယ် ဈေးကွက်သည်လည်း အရောင်းထိုင်းသည့် အခြေအနေ ရှိနေကြောင်း မိုဘိုင်းဖုန်း အရောင်းဆိုင် အသိုင်းအဝိုင်းမှ သိရသည်။

“ဒေါ်လာဈေး အပြောင်းအလဲတွေကြောင့် ဖုန်းဈေးကွက်က မငြိမ်ဘူး။ တချို့ဖုန်းတွေကြတော့ ဈေးကွက်အရ ဒေါ်လာဈေး ကျနေရင်တောင် Brand (တံဆိပ်) အလိုက် မိုဘိုင်းဖုန်း ကုမ္ပဏီတွေ ညှိပြီး ဈေးချမပေးတာတွေလည်း ရှိနေတယ်။ ဖုန်း Brand တစ်ခုကို ဦးတည်ပြီး လာဝယ်တဲ့သူတွေက အရင်ဈေးအတိုင်းထင်လို့ လာဝယ်တယ်။ ဒီရောက်တော့ ဈေးက တက်နေတော့ ပါလာတဲ့ငွေနဲ့ အဆင်ပြေမယ့် ဖုန်းကိုပဲ ရွေးဝယ်သွားရတာ များပါတယ်။ တစ်ချို့ကလည်း မဝယ်ဘဲ ပြန်သွားကြတယ်”ဟု ပဲခူးတိုင်း ပြည်မြို့မှ မိုဘိုင်းဖုန်း ဆိုင်ရှင်တစ်ဦးကလည်း ဧရာဝတီတိုင်းမ်ကို ပြောသည်။

အမေရိကန် ဒေါ်လာဈေးမှာ ဒီဇင်ဘာ ၁၃ ရက်နေ့က ပြင်ပဈေးကွက်တွင် ၁ ဒေါ်လာ ကျပ် ၂၈၁၀ – ၂၈၃၀ ဖြစ်ပြီး ညနေပိုင်းတွင် ၂၈၂၀ – ၂၈၄၀ ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ဗဟိုဘဏ် ရည်ညွှန်း သတ်မှတ်ဈေးမှာ ၁ ဒေါ်လာ ၂၁၀၀ ကျပ် ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံရှိ ပြည်သူ တစ်ဦးခြင်းစီသည် မိုဘိုင်းလ် အော်ပရေတာ တစ်ခုထက်မက အသုံးပြုသဖြင့် မိုဘိုင်း ဆက်သွယ်ရေး ကိန်းဂဏန်းများမှာ နိုင်ငံ၏ စုစုပေါင်း လူဦးရေထက် သိသိသာသာ ကျော်လွန်လျက် ရှိကြောင်းလည်း သိရသည်။

လူဦးရေ သန်း ၆၀ ပင် မရှိသေးသော မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း သုံးစွဲမှုကို လက်ရှိ စစ်အာဏာပိုင်များ၏ နည်းအမျိုးမျိုး နှင့် တင်းကျပ်မှုများစွာ ရှိနေသည့် ကြားမှ မိုဘိုင်းဖုန်း အသုံးပြု၍ ဆက်သွယ်မှု အရေအတွက်မှာ၂၀၂၂ ခုနှစ် ဇန်နဝါရီလ အထိ ၇၃ ဒသမ ၄၈ သန်း ရှိခဲ့ရာ နိုင်ငံ၏ စုစုပေါင်း လူဦးရေ၏ ၁၃၃ ဒသမ ၆ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း DATA- REPORTAL အဖွဲ့၏ စစ်တမ်းများတွင်လည်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။