ဧရာဝတီတိုင်းမ်
(ထားဝယ်)၊ ဒီဇင်ဘာလ ၁၄ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာရှိ ဘုရားမဲစစ်ဆေးရေးဂိတ်အား ဒီဇင်ဘာလ ၁၁ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်အချိန်က Dawei Guerrilla Revolutionary Forceအဖွဲ့နှင့် ပူးပေါင်းအဖွဲ့များမှ လက်နက်ကြီးများနှင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မောင်မယ်ရှောင်ကျေးရွာရှိ ဘုရားမဲစစ်ဆေးရေးဂိတ်အား ဝင်ရောက်စီးနင်းရန် ရည်ရွယ်ထားသော်လည်း သတင်းပေါက်ကြားမှုကြောင့် ၄၀ မမလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း Dawei Guerrilla Revolutionary Force ထံမှ သိရသည်။
“ပထမက အဲ့ဒီဂိတ်ကိုသိမ်းမလို့စီစဉ်ထားတာ။ အင်အားက မများဘူးဗျ။ သူတို့ အင်အားနည်းနေချိန်ဝင်သိမ်းမလို့စီစဉ်ထားတာပါ။ အဲချိန်ကတော့ ဆယ်ကျော်လောက်ပဲရှိမယ်။ ဒါပေမဲ့ လမ်းသွားလမ်းလာပြည်သူတွေ လုံခြုံအောင် ဟိုဘက်ခြမ်း၊ ဒီဘက်ခြမ်းကို သတိပေးတာတွေလုပ်နေချိန် စကစဘက်ကတစ်ယောက်ကနေ သတင်းပေါက်ကြားတာပါ” ဟု Dawei Guerrilla Revolutionary Force တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
သတင်းပေါက်ကြားမှုကြောင့် တပ်ကူလာမည့်တပ်ရင်းများလည်း နီးကပ်စွာရှိနေမှုကြောင့် စစ်ဆေးရေးဂိတ်အားစီးနင်းမည့် အစီအစဉ်အားဖျက်သိမ်းပြီး ၄၀ မမ လက်နက်ကြီး ၆ လုံးအသုံးပြု၍တိုက်ခိုက်ခဲ့ရကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုအား Dawei Guerrilla Revolutionary Force (DGRF)၊ Kawthoolei Army၊ သံမဏိပြောက်ကျားတပ်ဖွဲ့၊ KLC Forceတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Dawei Guerrilla Revolutionary Forceသည် ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း တနင်္သာရီတိုင်းဝန်ကြီးချုပ်လမ်းကြောင်းအား ခြေလျင်လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်သားများအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
#ထားဝယ် #မောင်မယ်ရှောင် #စစ်ကောင်စီ #စစ်ဆေးရေးဂိတ် #လက်နက်ကြီး #သေဆုံး
#Ayeyarwaddy_Times