ဧရာဝတီတိုင်းမ်
(ချင်း)၊ ဒီဇင်ဘာလ ၁၄ ရက်

မြန်မာနိုင်ငံမှ ကွမ်းသီးများတင်ဆောင်လာသော ကုန်တင်ယာဉ် ၁ စီးအပါအဝင် ယာဉ်ငယ် ၆ စီးကို အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်တွင် လူအုပ်တစ်စုက တားဆီးပြီး အဆိုပါယာဉ် ၆ စီးနှင့် ကွမ်းသီး ၁၂၂ အိတ်ကို ဒီဇင်ဘာလ ၁၂ ရက်နေ့ လမ်းဘေးတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း မီဇိုးရမ်ဒေသသတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။

မြန်မာနိုင်ငံဘက်မှ တင်ဆောင်လာသော အဆိုပါကွမ်းသီးများကို မီဇိုးရမ်ပြည်နယ်၊ မာမစ်ခရိုင်၊ ကန်မွှန်ကျေးရွာဘက်သို့ ပို့ဆောင်ရန် သွားရောက်နေစဉ် ဇာမွှန်ကျေးရွာအနီးရှိ ပြည်ထောင်စုလမ်းမပေါ်တွင် အင်အား ၅၀ ကျော်ပါ လူအုပ်တစ်စု တားဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“အိန္ဒိယအစိုးရဘက်က တရားဝင်ခွင့်ပြုထားတဲ့ မြန်မာပို့ကုန်တွေက အရမ်းနည်းတယ်။ တရားဝင်ပို့ကုန်တွေထဲမှာ ကွမ်းသီးတွေက မပါဘူး။ တရားမဝင်တဲ့အတွက် အခုလို ဒေသခံတွေက မီးရှို့ဖျက်ဆီးခဲ့တာလို့ မြင်တယ်။ ပြီးတော့ မြန်မာနိုင်ငံဘက်က ကွင်းသီးတွေကို ဈေးသက်သက်သာသာနဲ့ တရားမဝင်ပုံစံပို့ဆောင်နေတော့ ဒီဘက်က ကွင်းသီးစိုက်ပျိုးတဲ့ ဒေသခံတောင်သူတွေအတွက် တော်တော်လေးထိခိုက်နစ်နာတာလည်း ပါတာပေါ့”ဟု မီဇိုးရမ်ပြည်နယ်က ကွမ်းစိုက်တောင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မာမစ်ခရိုင်အတွင်းရှိ ကွမ်းစိုက်တောင်သူများက တရားမဝင်ကွမ်းသီးများတင်ဆောင်ရောင်းဝယ်ခြင်းကို အရေးယူပေးရန် သက်ဆိုင်ရာအစိုးရဌာနထံ တောင်းဆိုခဲ့ပြီးနောက် တစ်လခန့်အကြာတွင် မြန်မာနိုင်ငံဘက်မှ တင်ဆောင်လာသော ကွမ်းသီးယာဉ်များကို မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ကြောင်း ဒေသသတင်းဌာနများတွင် ရေးသားထားသည်။

ဓာတ်ပုံ – The Chin Journal
#မြန်မာ #အိန္ဒိယ #မီဇိုရမ် #ကွမ်းသီး
#Ayeyarwaddy_Times