ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၄ ရက်
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေက လမ်းဘေး ဈေးဆိုင်တွေကို စည်ပင်နယ်နိမိတ်နဲ့မလွတ်ကင်းလို့ဆိုကာ ဖိအားပေးဖျက်ခိုင်းတာတွေပြုလုပ် နေတယ်လို့ သိရပါတယ်။
မြို့တွင်းနဲ့ မြို့အပြင်မှာရှိတဲ့ လမ်းဘေးဈေးဆိုင်တွေနဲ့ လက်ဖေ့ရည်ဆိုင်တွေအပါဝင် အခြားဆိုင်တွေကို လမ်းနယ်နိမိတ်နဲ့မလွတ်ဘူးဆိုကာ လိုက်ဖျက်ခိုင်းနေတာလို့ ဒေသခံတွေက ပြောပါတယ်။
စည်ပင်က လမ်းပေါ်ရောက်နေတယ်ဆိုပြီး ပေကြိုးနဲ့ဆွဲတိုင်းတယ် သူတို့တိုင်းတာ မလွတ်ရင် အမိုးတွေပါ ဖျက်ပေးရတာရှိတယ် အရင်ကအဲ့လိုမျိုးမဟုတ်ဘူး ရောင်းနေတာလည်း ကြာပြီ ခုမ လိုက်လုပ်ခိုင်းနေတာလို့ လမ်းဘေးဈေးရောင်းချသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေ လိုက်လံဖျက်ခိုင်းနေတဲ့ ဈေးဆိုင်တွေဟာ စည်ပင်ကိုအခွန်ပေးပြီး ရောင်းချနေရတဲ့ ဆိုင်တွေလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ရန်ကုန် – ပုသိမ်- မအူပင် ကားလမ်းဘေးမှာရှိတဲ့ ဈေးဆိုင်တွေကို လမ်းနယ်နိမိတ်နဲ့ မလွတ်လို့ဆိုကာ ဖျက်ခိုင်းနေတာကြောင့် ဈေးဆိုင်တွေ ရာနဲ့ချီဖျက်ခဲ့ရသလို စားဝတ် နေရေးတွေလည်း အခက်တွေ့နေတယ်လို့ သိရပါတယ်။