ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၅ ရက်

ယနေ့မှာကျရောက်တဲ့ လွိုင်ကော် PDF ဖွဲ့စည်းတည်ထောင်ခြင်း ၁ နှစ်ပြည့်နေ့တွင် PDF ရဲဘော်အချို့အား မိသားစုနှင့် ပြန်လည်တွေ့ဆုံခွင့်ပြုခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ရဲဘော်တစ်ဦးရဲ့ မိသားစုထံ ဆန်တစ်အိတ်၊ ဆီတစ်ပုံး၊ ခေါက်ဆွဲခြောက် တစ်ဖာ ကူညီထောက်ပံ့ပေးတဲ့ အစီစဉ်တစ်ရပ်ကို ကျွန်တော်တို့ လွိုင်ကော် PDF က ပြုလုပ်ခဲ့ပြီး တပ်ရင်းမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ၊ တာဝန်ထမ်းဆောင်ဆဲ စတဲ့ ရဲဘော်များအားလုံးရဲ့ မိသားစုများအားလုံးကို ကူညီပံ့ပိုးခဲ့တာဖြစ်ပြီး အိမ်မပြန်ရတာ ကြာပြီဖြစ်တဲ့ ရဲဘော်များကိုလည်း ပစ္စည်းတွေ ပို့ရင်း အိမ်ပြန်လို့ မိဘတွေကို ပြန်နှုတ်ဆက်ခွင့် ပေးခဲ့တယ်လို့ ဆိုပါတယ်။

” အရေးတော်ပုံ အောင်မှ အိမ် အပြီးပြန်မယ်လို့ ဆုံးဖြတ်ထားတဲ့ ရဲဘော်များဟာ နာရီပိုင်းသာ အိမ်မှာနေကြ နှုတ်ဆက်ကြ ကန်တော့ကြ ဆုတောင်းကြပြီး တစ်ခါ ရှေ့တန်းကို ပြန် ထွက်ခွါလာကြပါတယ်။ မိဘတွေကတော့ သား/သမီးတွေရဲ့ ကျောပြင်ကိုကြည့်ရင်း အိမ်မှာ ကျန်ရစ်ခဲ့ကြပြန်ပါတယ်။ အိမ်ကို ပြန်လို့မဖြစ်နိုင်တဲ့ တချို့ရဲဘော်တွေကတော့ online ကနေပဲ အိမ်ကို နှုတ်ဆက်ရင်း လွမ်းတဲ့စိတ်ကို ချိုးနှိမ်ကြရတယ်” လို့ လွိုင်ကော် PDF က ရေးသားဖော်ပြထားပါတယ်။

တချို့ရဲဘော်တွေဟာ မိဘတွေကို ဆန်/ဆီတွေနဲ့ ကန်တော့ခဲ့ပြီး တချို့ရဲဘော်တွေကတော့ ဆန်/ဆီ တွေကို စစ်ရှောင်စခန်းတွေအတွက် ပြန်လှူပေးကြတယ်လို့ ဆိုပါတယ်။

လွိုင်ကော် PDF အနေနဲ့ စတင်ဖွဲ့စည်းချိန်ကစလို့ ယနေ့ထိလည်း သွေးအေးခြင်း စိတ်ပျက်အားလျော့ခြင်းအလျှင်းမရှိပဲ အရေးတော်ပုံအောင်မြင်သည်ထိ ဆက်ပြီး ခရီးသွားနေကြဦးမယ့် တောင်းတန်းဂီတ ခရီးသည်များဖြစ်ပါတယ်။

လွိုင်ကော် PDF တစ်နှစ်ပြည့်အတွက် ဆုတောင်းပေးကြ၊ စာလွှာပေးပို့ကြတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းအားလုံးကို ကျေးဇူးအထူးတင်ကြောင်း စစ်ကောင်စီကိုလည်း အတူတကွ ဆက်လက် တွန်းလှန်ကြဖို့ကိုလည်း လူထုရှေ့မှောက်မှာ ထပ်လောင်း ကတိပြုထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – PDF Loikaw