ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဒီဇင်ဘာလ ၁၄ ရက်

တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်၊ အရှေ့တောဒေသက အညာဖျားရွာ သင်္ချိုင်းအနီးရှိ နေအိမ်များကိုဖောက်ထွင်းခိုးယူ မီးရှို့ပြီးထွက်လာသည့်စစ်ကောင် စီစစ်ကြောင်းကို ဒီဇင်ဘာလ ၁၂ ရက် ည ၇ နာရီခွဲ ဝန်းကျင်ခန့်တွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံကသိရသည်။

အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိ အဆိုပါ စစ်ကောင်စီ ခြေလျင် စစ်ကြောင်းအား ညောင်ချောင်းရွာ လမ်းအတိုင်းထွက်လာစဥ် မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Dawei Defense Team- DDT အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက မစ်ရှင်ကို မိုင်း ၅ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ဖို့ ပြုလုပ်စီစဥ်ထားတာပါ။ဒါပေမဲ့ အဲဒီခြေလျင်စစ်ကြောင်းဟာ ဒေသခံတွေကိုလူသားဒိုင်းအဖြစ် အသုံးပြုခေါ်ဆောင်လာတာကြောင့် မိုင်း ၅ လုံးမှာ ၂ လုံးသာအသုံးပြုတိုက်ခိုက်ခဲ့ရပြီး ကျန်မိုင်း ၃ လုံး ကိုတော့ မဖောက်ခွဲလိုက် ရပဲ ကျနော်တို့ အဖွဲ့တွေ ပြန်ဆုတ်လာခဲ့ရတယ်”ဟု DDT အဖွဲ့တာ ဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

တိုက်ခိုက်မှုအား DDTအဖွဲ့နှင့် သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေထိခိုက်သေဆုံးမှုရှိသော်လည်းအသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးကြောင်း သိရသည်။

တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၃ ရက် ယမန်နေ့ ညနေပိုင်း ကျေးရွာများအတွင်းနယ်မြေရှင်းလင်းချိန်တွင် စစ်ဝတ်စုံ တစ်စုံနဲ့ ကျည်ခွံတချို့ကိုတွေ့ရှိပြီး သိမ်းဆည်းရမိခဲ့ကြောင်း Dawei Defense Team-DDT အဖွဲ့က ပြန်ကြားရေးတာဝန်ခံကပြောပါသည်။

ဓာတ်ပုံ – နယ်မြေရှင်းလင်းချိန် PDF များသိမ်းဆည်းရရှိတဲ့ပစ္စည်းတချို့
#Ayeyarwaddy_Times