ဧရာဝတီတိုင်းမ်
(မြိုင်)၊ ဒီဇင်ဘာလ ၁၃ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ အရှေ့ညောင်တွင်းကျေးရွာအနီးတွင် ဒီဇင်ဘာလ ၁၂ ရက် နေ့လည် ၁နာရီဝန်းကျင်၌ စစ်ကြောင်းထိုးလာသည့်စစ်ကြောင်းအား မြိုင်(ပ.က.ဖ)မှ ဒရုန်းများ အပါအဝင် လက်နက်ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တွင်းမရွာဘက်မှထွက်လာသည့် အင်အား ၁၂၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းအား ‌မြိုင်(ပ.က.ဖ)မှ အနီးကပ်ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

“စစ်ကြောင်းမှာ ပျူတွေလဲပါတယ်။ လက်နက်ငယ်မနဲ့‌ရော အီနာဂါ၅လုံးနဲ့ ဗုံးချတိုက်ခိုက်ခဲ့ချိန် သူတို့ဘက်ကဒဏ်ရာရတာများတော့ သေနတ်တွေရမ်းပစ်၊ ဆဲဆိုပြီးထွက်သွားကြတယ်။ အထိနာတော့ တိုက်ပွဲပြီးတော့ပြည်သူ ၄၀ ကျော်ကိုဓားစာခံဖမ်းသွားတယ်” ဟု မြိုင်(ပကဖ)တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် အရှေ့ဘုန်းကံရွာမှ ပြည်သူ ၄၀ ကျော်အား လူသားဒိုင်းအဖြစ် အသုံးပြုရန်ဖမ်းဆီးထားကြောင်း သိရသည်။

မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁)နှင့်ပူးပေါင်းအဖွဲ့များသည် ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း ခရီးသွားပြည်သူများထံ ဆက်ကြေးကောက်ရန်လာသည့် စစ်ကောင်စီတပ်သားများအား ရှေ့ထွက်မိုင်းများဖြင့်တိုက်ခိုက်ခဲ့ရ ၂ ယောက်သေဆုံးခဲ့ကြောင်း သိရသည်။

ရုပ်သံ – မြိုင်(ပ.က.ဖ)
#Ayeyarwaddy_Time