ဧရာဝတီတိုင်းမ်
(နမ့်ဆန်)၊ ဒီဇင်ဘာလ ၁၃ ရက်

တအာင်း(ပ‌လောင်)ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာကျေးရွာအား ဒီဇင်ဘာလ ၇ ရက်နေ့မှ စတင်၍ ဒီဇင်ဘာလ ယမန်နေ့ ၁၂ ရက်နေ့အထိ စစ်ကောင်စီတပ်မှ နေ့စဥ် ဗုံးကြဲတိုက်ခိုက်ရာ ရွာခံ အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၄ လုံး မီးလောင်ပြာကျသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ် TWO ၏ သတင်းအရ သိရသည်။

စစ်ကောင်စီတပ်၏ စီးနင်းတိုက်ခိုက်မှုအတွင်း ကုန်းသာကျေးရွာ၏ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းအပါအဝင် အိမ်ခြေ (၅၀)ဝန်းကျင်ခန့် ပျက်စီးသွားကြောင်း TNLA၏ သတင်းနှင့် ပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ထားသည်။

ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် ကုန်းသာရွာခံ အမျိုးသမီးတစ်ဦးက ” ကျွန်မမြင်ခဲ့ရတာကတော့ ကျမတို့ ကုန်းသာရွာထဲမှာ လူနေအိမ်(၄)အိမ်တော့ မီးလောင်ပြီး ဘာမှ မရှိတော့ဘူး။ တခြားအိမ်တွေတော့ လက်နက်ကြီး ထိတယ်။ လေယာဥ်ဗုံးကြဲခံရတယ်။ ပြီးတော့ သူတို့ စစ်ကောင်စီတပ် စစ်ကြောင်းတွေလည်း ရွာထဲ ဝင်တာနဲ့ အိမ်တွေကို ပစ်တယ်။ ရွာက အိမ်ခြေ (၅၀) ကျော် (၆၀) နီးပါးရှိတယ့်အထဲမှာ (၄)အိမ်တော့ မီး‌လောင်ပြီး ပြာကျသွားပြီ” ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်မှ လေကြောင်း ပစ်ခတ် တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်လျှက်ရှိပြီး တိုက်ပွဲများကြောင့် ၂ ဖက်ထိခိုက်မှုအခြေအနေများအား စစ်ကောင်စီတပ်နှင့် TNLAတပ်ဖွဲ့တို့ သတင်းထုတ်ပြန်ထားခြင်း မရှိသေး‌ပါ။

ကုန်းသာရွာ စီးနှင်းတိုက်ခိုက်ခံရပြီးနောက် အဆိုပါကျေးရွာအနီးရှိ ဟူးမန်း၊ ပန်းအလောက်၊ မန်လုံး၊ ပိန်းလုံနှင့် ဆာမ်ငမ်ရွာမှ ဒေသခံ ထောင်ချီမှာလည်း ဘေးလွတ်ရာ နမ့်ဆန်မြို့ ဇယန်းဘုန်းကြီးကျောင်းသို့ သွားရောက်ခိုလှုံလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ – TNLA
#စစ်ကောင်စီတပ် #ဗုံးကြဲတိုက်ခိုက် #နေအိမ် #ပြာကျ
#Ayeyarwaddy_Times