ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၃ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှာ ဖမ်းဆီးထားတဲ့ ရဲ CDM ကိုသူရိန်လင်းကို စစ်ကောင်စီလက်အောက်ခံ ထောင်ညွှန်ကြားရေးမှူးက အရက်မူးပြီး ရိုက်နှက်ကန်ကျောက်ခဲ့တာကြောင့် ထောင်ဆေးရုံတက်ရောက်ခဲ့ရပြီးနောက် ဒီဇင်ဘာလ ၉ရက်နေ့မှာတော့ အမှုဆင်ကာ ထောင်ဒဏ် ၆ လ ထပ်တိုးချမှတ်ခဲ့တယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးထံကနေ သိရပါတယ်။

“သူ့ကို ၉ရက်နေ့က ပုသိမ်မြို့နယ် တရားရုံးမှာရုံးထုတ်ပြီး ညွန်မှူးကအကျဉ်းထောင် ဥပဒေ ၄၂ အရတားမြစ်ပိတ်ပင်ထားသောပစ္စည်းများအား အကျဉ်းထောင်အတွင်းသို့ ထုတ်သွင်းခြင်း ဆက်သွယ်ခြင်းများအား တရားစွဲဆို ဖမ်းဆီးခွင့်အာဏာနဲ့ ဖြင့် ထောင်ဒဏ် ၆လထပ်တိုးချလိုက်တာ”လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ကိုသူရိန်လင်းဟာ ကြံခင်းမြို့နယ်ရဲတပ်ဖွဲ့မှာတာ၀န်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ညီဖြစ်သူ ရဲတပ်ကြပ် တာရာလင်းနဲ့အတူ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကာ CDM ပြုလုပ်ခဲ့တာကြောင့် ရဲကျင့်ဝတ် ဖောက်ဖျက်မှုဖြင့် ထောင်ဒဏ် တစ်နှစ်ချမှတ်ခံခဲ့ရပြီး ပုသိမ်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူဖြစ်ပါတယ်။

သူ့ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ထောင်တွင်းဆန္ဒပြမှုဖြင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခံခဲ့ရပြီး လက်ရှိမှာ ထောင်ညွန်မှူးကအမှုဆင်ကာ ထောင်ဒဏ် ခြောက်လ ထပ်မံချမှတ်ခံခဲ့ရတာလို့ သူ့ရဲ့မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီခွဲခန့်က ပုသိမ်အကျဥ်းထောင်ညွှန်ကြားရေးမှူး ဇော်စစ်အောင်ဆိုသူက ကိုသူရိန်လင်းကိုအရက်မှူးပြီး နာရီ၀က်ကြာအောင် ရိုက်နှက်ကန်ကျောက်ခဲ့တာကြောင့် ထောင်ဆေးရုံမှာတက်ရောက်ကုသခဲ့ရပြီးနောက် ဒီဇင်ဘာလ ၉ ရက်နေ့မှာ ခုလိုအမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။

ပုသိမ်အကျဥ်းထောင် ညွန်ကြားရေးမှူး ဇော်စစ်အောင်ဆိုသူဟာ အကျဥ်းသားများကို ထောင်ဥပဒေအရ တားမြစ်ထားတဲ့ပစ္စည်းများကို ကိုယ်တိုင်သွင်းပေးပြီး သူကိုယ်တိုင်ပြန်လည်ရှာဖွေဖမ်းဆီးကာ နှိပ်စက်ညှင်းပန်းမှုများ ပြုလုပ်နေတယ်လို့ ပုသိမ်အကျဥ်းထောင်အတွင်းက လွတ်မြောက်လာသူတစ်ဦးက ပြောပါတယ်။

#ပုသိမ် #အကျဥ်းထောင် #ရဲ #CDM #ကိုသူရိန်လင်း
#Ayeyarwaddy_Times