ဧရာဝတီတိုင်းမ်
(သထုံ)၊ ဒီဇင်ဘာလ ၁၃ ရက်
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာမှ စစ်အုပ်စုလက်အောက်ခံ ပျူစောထီးခေါင်းဆောင် ညီညီ ရှိန်းနှင့် မိသားစုအား စစ်ကောင်စီတပ်များမှ ဒီဇင်ဘာလ ၁၁ ရက်နေ့ကဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံ များထံ ကသိရသည်။
၎င်းပျူစောထီးခေါင်းဆောင်မိသားစုအား ဒီဇင်ဘာလ ၁၀ ရက်နေ့ နေ့လည်ပိုင်းက နေပြည်တော်၊ဘောဂသီရိ ကားဝန်းအတွင်းရှိ စစ်တပ်ပိုင်တော်ဝင်ကားဂိတ်တန်ဆာပါဆယ်ပုံးအတွင်းမှ ဗုံး ၅ လုံးတွေ့ရှိမှုနှင့်ဆက်စပ်ကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ဗုံးများပါရှိသည့် တန်ဆာပါဆယ်ပုံးသည် ပျူစောထီးခေါင်းဆောင် ညီညီရှိန်း ပိုင်ဆိုင်သည့် ညီညီရှိန်း ကားလက်မှတ်အရောင်းဂိတ်ခွဲမှ တင်ပို့သည်ဟုဆိုကာ စစ်ကောင်စီတပ်မှ ၎င်းအပါအဝင် ဇနီးနှင့်ကလေးအား သထုံရဲစခန်းတွင်ဖမ်းဆီးထားကြောင်း သိရသည်။
“သူ့ကသထုံမြို့နယ်ရဲ့ပျူစောထီးခေါင်းဆောင်၊ နေပြည် တော်မှာ တွေ့တဲ့ဗုံးတွေပါတဲ့ တန်ဆာပါဆယ်က သူ ဖွင့်ထားတဲ့ “ညီညီရှိန်းကားလက်မှတ်အရောင်းခွဲ” ကနေပို့လိုက်တဲ့ပါဆယ်ပုံး။ သူက ကားလက်မှတ်လည်း ရောင်းတယ်၊ တန်ဆာလည်းပို့တယ်၊ သူပို့တာလား၊ တခြားကလာပို့တာကိုပို့ပေးတာလား ဘယ်လိုလဲတော့ မသိဘူး။ အဲ့ဒီ နေပြည်တော်တန်ဆာဗုံးကိစ္စနဲ့ဖမ်းခံရတာ။ သူကို နေပြည်တော်က ရဲမှူးကိုယ်တိုင်ဆင်းဖမ်းတယ်ဆိုပြီး သတင်းကြားတယ်၊သူတို့တစ်မိသားစုလုံးကိုဖမ်းထားတယ်” ဟု သထုံမြို့ခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြော သည်။
သထုံပျူစောထီးခေါင်းဆောင် ဖမ်းဆီးခံရမှုနှင့်ပတ် သက်၍ ၎င်း၏လက်အောက်ငယ်သား ပျူစောထီးများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား သဘောထားကွဲလွဲမှုများဖြစ်ပေါ်နေပြီး ပျူစောထီးများမှ မကျေမနပ်ဖြစ် နေသည်ဟုဆိုသည်။
”သူတို့ဆရာမိသားစုကို စကစ ကပြန်ဖမ်းပြီးစစ်နေတော့ သူ့တပည့်တွေကတော့မကျေနပ်ဖြစ်နေကြတယ်၊ မ ကျေ နပ်လည်း မကျေနပ်ရုံဘဲရှိမှာဘဲ၊ သူတို့လည်းကြောက်နေရတာကို။ အဲ့ဒီလိုတွေဖြစ်နေတော့ သထုံ မှာလုံခြုံရေးလည်း တင်းကြပ်နေတယ်” ဟုသထုံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဦးညီညီရှိန်းမှာ စက်တင်ဘာလ ၂၉ ရက်တွင်အသတ်ခံခဲ့ရသည့် ပျူစောထီးခေါင်းဆောင် ဒေးဗရိန်းဖိုးထောင်၏ နေရာတွင်ဆက်ခံသူဖြစ်ကာ ဖမ်းဆီးခံရမှုကြောင့် ၎င်း၏ လက်အောက်ခံတပည့်များမှာ ကျေနပ်မှုမရှိဘဲ စစ်ကောင် စီတာဝန်ရှိသူများနှင့်အခြေအတင် ဖြစ်နေကြောင်းသိရသည်။
နေပြည်တော်၊ ဘောဂသီရိကားဝန်း စစ်တပ်ပိုင်တော်ဝင်ယာဉ်လိုင်းဂိတ်တွင် ဒီဇင်ဘာလ ၁၀ ရက်နေ့က တစ်လကျော်ကြာအထိလာရောက်ရွေးယူခြင်းမရှိသည့် တန်ဆာပါဆယ်ပုံးအတွင်းမှ ဗုံး ၅ လုံးတွေ့ရှိခဲ့ခြင်းဖြစ် ကာ အဆို ပါဗုံးများအား စစ်ကောင်စီတပ်မှဖောက်ခွဲဖျက်ဆီးခဲ့ပြီး နေပြည်တော်အဝင်စစ်ဆေးရေးဂိတ်များတွင်လည်း လုံ ခြုံရေးနှင့်စစ်ဆေးမှုများပိုမိုတင်းကြပ်ထားကြောင်းသိရသည်။
#သထုံ #ပျူစောထီးခေါင်းဆောင် #ဖမ်းဆီးခံရ #နေပြည်တော် #ဗုံးတွေ့ #Ayeyarwaddy_Times