မင်းမြတ်မောင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၃ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့က လူထုလမ်းလျှောက်ပွဲပြုလုပ်ခဲ့ပြီး စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းလည်း တက်ရောက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီခန့် ဝန်ကြီးချုပ်တက်ရောက်မှာမလို့ လမ်းလျှောက်ပွဲဖို့ စည်ကားစေရန်အတွက်လည်း စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအလိုက် ဝန်ထမ်းတွေကို ရုံးပိတ်ရက်မှာ လမ်းလျှောက်ဖို့အတွက် မဖြစ်မနေဖိအားပေးခေါ်ယူတာတွေလည်း ရှိခဲ့တယ်လို့ ဝန်ထမ်းအသိုင်းဝိုင်းက သိရပါတယ်။

ဒါက အရင်အစိုးရလက်ထက်ထဲက လုပ်ခဲ့တာပဲ ခုလိုမျိုးပဲ မဖြစ်မနေ ဝန်ထမ်းတွေကို ခေါ်လို့ လိုက်ရတာပဲလေ ခုလည်း အဲ့လိုမျိုးပါပဲ လမ်းလျှောက်ပွဲလုပ်မယ် ဝန်ကြီးချုပ်တက်မယ် မင်းတို့ဌာနက ဘယ်နှစ်ယောက်လိုက်ရမယ် မတက်တဲ့သူ အရေးယူမယ်ဆိုပြီး စာရင်းပေးရတာပဲလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထွေအုပ်ဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီက လမ်းလျှောက်ပွဲကို အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်သွားဖို့ စီစဉ်ထားပြီး ဝန်ထမ်းတွေကို လည်း အလှည့်ကျ လူစာရင်းတောင်းခံထားတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ လမ်းလျှောက်ပွဲကို ပြည်သူတွေပါဝင်တာကြောင့် စည်ကားမှုရှိတဲ့ဆိုတဲ့ ပုံစံမျိုး ပြသရန် အတွက် စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာအားလုံးက ဝန်ထမ်းတွေကို ဖိအားပေးခေါ်ယူခဲ့ရတာလို့ ဝန်ထမ်းအသိုင်းဝိုင်းက သိရပါတယ်။
#Ayeyarwaddy_Times