နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မြဝတီ)၊ ဒီဇင်ဘာလ ၁၃ ရက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာရှိတဲ့ ဒေသခံစစ်ဘေးရှောင်တွေအနေနဲ့ တိုက်ပွဲတွေမရှိတော့ပေမယ့် စစ်ကောင်စီတပ်သားတွေ ဒုက္ခပေးမှာကြောက်တာကြောင့် ခုချိန်ထိ နေရပ်မပြန်နိုင်သေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေက BGF ယူနီဖောင်းတွေဝတ်ဆင်ကာ ကျေးရွာတွေမှာ ဝင်ထွက်သွားလာနေတာ ကြောင့် ဒေသခံစစ်ဘေးရှောင်တွေအနေနဲ့ နေရပ်တွေကို ပြန်မလာနိုင်သေးဘဲ တောထဲမှာ ဖြစ်သလို စားသောက်နေထိုင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

“ တိုက်ပွဲတွေတော့မရှိတော့ဘူး စစ်ကောင်စီဘက်ကတော့ ပြန်လာနေလိုရပြီဆိုပြီ လိုက်ခေါ်နေတာ ရှိတယ် ဒါပေမယ့် ဒေသခံတွေက ရွာထဲပြန်ဝင်နေရင် ဒုက္ခအမျိုးမျိုးပေးခံရမှာကြောက်တယ် ခုလည်း စကစကကောင်တွေက DKBA ယူနီဖောင်းဝတ်ပြီး ကျေးရွာတွေကို ဝင်ထွက်သွားလာနေတယ်”လို့ ဒေသခံ စစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့နှစ်ကစလို့ တိုက်ပွဲတွေဖြစ်ပွားချိန်မှာ လေးကေ့ကော်မြို့သစ်တဝိုက်မှာရှိတဲ့ သေးဘော့ဘိုး၊ ဖလူးကြီး၊ ဖလူးလေး၊ ကျောက်ခက်၊ ကွီလားခေး၊ ဗလပ်တို၊ ဝါးမီထ စတဲ့ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ စစ်ဘေးရှောင်တွေအဖြစ် တောထဲမှာ နေထိုင်ခဲ့ရတာဖြစ်ပြီး ခုထိလည်း မပြန်ရသေးတာလို့ ဆိုပါတယ်။

စစ်ဘေးရှောင်တွေ မွေးမြူးထားတဲ့ တိရစ္ဆာန်တွေကို စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်စားသောက် တဲ့အပြင် နေအိမ်တွေက တန်ဖိုးရှိတဲ့ပစ္စည်းတွေကိုပါ ခိုးယူသွားတာကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ ပြန်မလာရဲ့တော့သလို စစ်ကောင်စီဘက်ကတော့ ဒေသခံပြည်သူတွေ ပြန်လာနေလို့ရပြီဆိုပြီး ဝါဒဖြန့် အသံလွှင့်တာတွေပြုလုပ်နေတာလို့ ဒေသခံတွေဘက်က ပြောဆိုပါတယ်။
#Ayeyarwaddy_Times