ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၃ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ထိန်ကုလားကုန်းကျေးရွာတွင် ဒီဇင်ဘာလ (၈) ရက်နေ့ ညက ဒေသခံတစ်ဦးအား စစ်ကောင်စီတပ်မှ ဝင်ရောက်ဖမ်းဆီးရာ မတွေ့သဖြင့် ယောက်ဖဖြစ်သူအား ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဖမ်းဆီးခံရသူမှာ ကိုဆန်းလင်းဆိုသူဖြစ်ပြီး ၎င်း၏ ယောက်ဖတော်စပ်သူအား စစ်ကောင်စီတပ်များဝင်ရောက်ရှာဖွေစဥ် မတွေ့သဖြင်း ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
“သူက ရွာမှာမနေတာ ကြာပြီ။ ရန်ကုန်မှာ အိမ်ထောင်ကျနေတာ။ အလှူအတန်းရှိတဲ့အခါတို့ ဘာတို့မှ ရွာကို တခေါက်တလေ ပြန်လာတာ။ သူပြန်ရောက်တာ ၂ ရက်လောက်ပဲရှိသေးတယ်။ သူ့ယောက်ဖကို ဝင်ရှာတာမတွေ့တော့ သူ့ကိုဖမ်းသွားတယ်။ မြို့မရဲစခန်းမှာ ဖမ်းထားတယ်”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကိုဆန်းလင်းအား ပန်းတနော်မြို့မစခန်းတွင် ချုပ်နှောင်ထားပြီး ဖမ်းဆီးခံရပြီး ၄ ရက်ကျော်ကြာသည်အထိ မိသားစုနှင့် တွေ့ခွင့်မရသေးကြောင်း ၎င်း၏ မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။