ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၃ ရက်

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးကာလမှစပြီး (၂၁)လတာကာလ အောက်တိုဘာလ ၃၁ ရက်နေ့အထိနောက်ဆုံးရစာရင်းများအရ အာဏာသိမ်းစစ်တပ်က လူနေအိမ် ၃၈၅၆၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ကြောင်း Institute for Strategy and Policy Myanmar ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၈၁ မြို့နယ်မှ ဘာသာရေးအဆောက်အအုံများအပါအဝင် နေအိမ်ပေါင်း ၃၈၅၆၈ လုံးထက်မနည်း ဖျက်ဆီးခံခဲ့ရပြီး စစ်ကိုင်းတိုင်းတွင် မီးရှို့ဖျက်ဆီးခံရမှုမှာ မြန်မာနိုင်ငံအနှံ့ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့်ရှိကာ အဆောက်အအုံပေါင်း ၂၆၉၇၀ လုံးထက်မနည်းရှိကြောင်း ISP Myanmar ၏စာရင်းများအရသိရသည်။

စစ်ကိုင်းတိုင်းရှိ မြို့ပေါင်း၃၇မြို့အနက် ၃၂မြို့နယ်တွင် မီးရှို့ဖျက်ဆီးခံရသည့်ဖြစ်စဉ်များရှိခဲ့ပြီး ရွှေဘိုမြို့နယ်မှာ နေအိမ်ပေါင်း ၃၄၉၄လုံးထက်မနည်းရှိခဲ့ပြီး မကွေးတိုင်းတွင်မူ နေအိမ်ပေါင်း ၈၈၉၉ လုံးမီးရှို့ခံရပြီး ဒုတိယအများဆုံးဖြစ်ကာ ယခုနှစ်အောက်တိုဘာလ ၃၁ ရက်နေ့ထိစာရင်းများအရ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းများမှ လွဲ၍ ကျန်သည့်တိုင်းနှင့်ပြည်နယ်များတွင် စစ်ကောင်စီမှမီးရှို့မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

မီးရှို့ဖျက်ဆီးခံရမှုများမှာ ၂၀၂၂ ခုနှစ်အတွင်း ပိုပိုမြင့်တက်လာပြီး ပြီးခဲ့သည့် မေလမှာ တစ်လအတွင်းမှာပင် နေအိမ်ပေါင်း ၈၃၁၃ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခြင်းခံရကြောင်း ISP Myanmar၏ ထုတ်ပြန်ချက်များအရ သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်များနှင့် ဒေသခံလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ တိုက်ပွဲဖြစ်စဥ်များအတွင်း ဒေသခံပြည်သူများ၏ ‌နေအိမ်၊ အဆောက်အအုံများအား အာဏာသိမ်းစစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ISP Myanmar က ရေးသားဖော်ပြထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#အာဏာသိမ်းစစ်တပ် #မီးတင်ရှို့ #စစ်ကိုင်းတိုင်း
#Ayeyarwaddy_Times