ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၂ ရက်
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင်အတွင်းရှိစစ်ကောင်စီအခြေစိုက်စခန်း တိုက်ခိုက်ခံရမှုအတွင်း ပျောက်ဆုံးနေတဲ့ ခမရ ၄၀၃ က ဒုတပ်ရင်း မှူး ဗိုလ်မှူး ၁ ဦးနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့ကို ဒီဇင် ဘာလ ၁၀ ရက်နေ့က ပြန်လည်တွေ့ရှိတယ်လို့ စစ်ကောင် စီတပ်အသိုင်းအဝိုင်းထံက သိရပါတယ်။
တပ်မဟာ ၅ နယ်မြေအတွင်းက မဲသလွတ်ရှေ့တန်းစစ်စခန်းကို ဒီဇင်ဘာလ ၆ ရက်နေ့မနက်ပိုင်းက KNLA နဲ့ PDF တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ စခန်းတစ်ခုလုံးက စစ်ကောင်စီတပ်သားတွေ စခန်းကို စွန့်ခွာ ထွက်ပြေးခဲ့ကြပြီး ဗိုလ်မှူး ၁ ဦးအပါအဝင် ၂၀ ဦးကျော်ပျောက်ဆုံးနေတာဖြစ်ပါတယ်။
စစ်ကူရောက်ရှိလာတဲ့ စစ်ကောင်စီတပ်က လိုက်လံရှာဖွေခဲ့ရာမှာ ဒုတပ်ရင်းမှူးအဆင့်ရှိ ဗိုလ်မှူး သန်းနိုင်အေးနဲ့ စစ်ကောင်စီတပ်သားတချို့ကို ပြန်လည်တွေ့ရှိခဲ့တာဖြစ် ကြောင်းခမရ ၄၀၃တပ်အသိုင်းအဝိုင်းထံကသိရပါတယ် ။
”ပျောက်နေတဲ့သူတွေထဲက ပြန်တွေ့တာ ဗိုလ်မှူးအပါ အ ဝင် ၁၀ ယောက်နီးပါး ပြန်တွေ့တယ်လို့ သိရတယ်။ ဘယ် လိုမျိုး ပြန်တွေ့တာလဲတော့ မသိဘူး။ ၁၀ ယောက်ကျော်ကတော့ အသေ၊အပျောက်ရှိနေဆဲဘဲ အခုထိ ပြန်မတွေ့သေးဘူး”လို့ သရက်ချောင်းမြို့ အခြေစိုက် ခမရ ၄၀၃ တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အသက်ရှင်လျှက် ပြန်တွေ့ခဲ့တဲ့ စစ်ကောင်စီတပ် မဲသလွတ်အခြေ စိုက်စခန်းက ခမရ ၄၀၃ တပ် ဒုတပ်ရင်းမှူး ဗိုလ်မှူး သန်းနိုင်အေးအနေနဲ့ စခန်းကို စွန့်ခွာထွက်ပြေးခဲ့မှုနဲ့ တာဝန်ပေါ့လျော့မှုတွေကြောင့် စစ်ခုံရုံးနဲ့ အရေးယူခံရနိုင်ဖွယ်ရှိတယ်လို့ တပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ရှေ့တန်းစစ်အခြေစိုက်စခန်းတွေမှာ သေသည်အထိခံမတိုက်ဘဲ စွန့်ခွာထွက်ပြေးလို့ စခန်းလက်လွှတ်လိုက်ရပြီး လူသူ၊ လက်နက်၊ ခဲယမ်းဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာရင် စခန်းစွန့်ခွာမှု၊ ကွပ်ကဲမှုညံ့ဖျင်းမှုနဲ့ စခန်းတာဝန်ခံ အရာရှိတွေဟာ အရေးယူ ခံရနိုင်တယ်လို့ CDM တပ်မတော်အရာရှိတွေက ပြောပါတယ်။
”ဒီလိုဖြစ်စဉ်ဖြစ်လာရင် အဲ့ဒီတပ်မှူးကသေချာပေါက်အရေးယူခံရမှာဘဲ။ ဘာကြောင့် အဲ့ဒီလိုဖြစ်တယ်ဆိုတာကို တပ်မမှူးက သုံးသပ်ပြီး စစ်ရေးသတိနည်းလို့ဖြစ်တယ် ဆိုတာမျိုး၊ တိုက်ခိုက်ခံရစဉ်မှာလည်း ပြန်လည်မခုခံဘဲ သူကိုယ်တိုင်က စခန်းစွန့်ခွာထွက်ပြေးတယ်ဆိုတာမျိုး၊ ကွပ်ကဲမှုညံ့တာ၊ အထက်ကိုသတင်းပေးပို့ဖို့ ပျက်ကွက်တယ်ဆိုတာတွေနဲ့ အရေးယူခံရမှာ ဖြစ်တယ်။ ဒါတွေက ကျနော်တို့လည်း ရှေ့တန်းမှာ ကြုံတွေ့လာတာ။ တစ်ခုဘဲရှိတယ်။ လက်ရှိအခြေအနေအရ သူ့နေရာမှာ လူစားထိုးဖို့ အဆင်မပြေဘူး၊ လူကလည်း တဖြည်းဖြည်းလုံးပါးပါးလာတဲ့ အခြေအနေမျိုးဖြစ်လာရင် အဲ့ခြေကုပ် စခန်းမှာဘဲ အသေခံသဘောမျိုး ဆက်ထားပြီး ဆက်ပြီးတိုက်ခိုင်းလိမ့်မယ်”လို့ CDM တပ်မတော်အရာရှိ ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
KNLA တပ်မဟာ ၅ နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ ဒီဇင်ဘာလ ၆ ရက်နေ့မနက်အစောပိုင်းက ဖာပွန်ခရိုင်အတွင်း မှာရှိတဲ့ မဲဝိုင်၊ခေါပုတ်၊ ဒါးကွင်း၊ မဲသလွတ် စတဲ့ဒေသတွေက စစ်ကောင်စီတပ်အခြေစိုက် စစ်စခန်း ၄ ခုကို တပြိုင်နက်ထဲ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာများတယ်လို့ တပ်မဟာ ၅ သတင်း ရင်းမြစ်တွေဆီကသိရပါတယ်။ သို့ပေမယ့် တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး KNU ဘက်ကရော၊ စစ်ကောင်စီ ဘက်ကပါ တရားဝင်သတင်းထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။
ဓာတ်ပုံ – စစ်ကောင်စီတပ်ရှေ့တန်းစစ်သားတချို့(ပုံဟောင်း)။
#KNU #တပ်မဟာ ၅ #ခမရ၄၀၃ #ဗိုလ်မှူး #ပြန်တွေ့ #စစ်ခုံရုံး #အရေးယူခံရ #AyeyarwaddyTimes