ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၂ ရက်
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ပညာရေးတက္ကသိုလ်ဝန်းအတွင်း ဓာတ်ဆီလောင်းမီးရှို့ခံရသည့် အမျိုးသမီးငယ် ယနေ့ ဒီဇင်ဘာလ ၁၂ ရက် မနက်ပိုင်းတွင် ဆေး ရုံ၌ သေဆုံးသွားကြောင်း နယ်မြေခံပရဟိတအဖွဲ့ထံမှ သိရှိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့ ည ၈ နာရီဝန်းကျင် တွင် ရည်းစားဖြစ်သူနှင့် ချိန်းတွေ့စဥ် ရည်းစားဖြစ်သူ ကောင်လေးမှလိင်ကိစ္စတောင်းခံရာ ခွင့်မပြုသဖြင့် ၎င်းအမျိုးသမီးငယ်ကို ကွန်ကရစ်ကျောက်ခဲဖြင့် ဦးခေါင်းကိုရိုက်ခွဲပြီး ဓာတ်ဆီလောင်းမီးရှို့ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဥ်ဖြစ်ပွားပြီးနောက် အမျိူးသမီးငယ်မှာ ခန္ဓာကိုယ် ၇၀ ရာခိုင်နှုန်းခန့် မီးလောင်ခဲ့ပြီး အသက်သေ ဆုံးခြင်းမရှိခဲ့သော်လည်း တစ်ပတ်အကြာ ယနေ့ နံနက်ပိုင်းအချိန်တွင် ဆေးရုံ၌ပင်ဆေးကုသမှုခံယူနေရာမှ သေဆုံးခဲ့ခြင်းဖြစ်သည်။
” အဲ့ဒီနေ့ညပိုင်းမှာ ဆေးကုပေးတော့မီးလောင်ဒဏ်ရာတွေလည်းကုပေးတာအဆင်ပြေတယ်၊ အသက်ကယ်နိုင်ခဲ့တယ်ဆိုပေမယ့် ကာလရှည်ကုရမယ်ဆိုတာကိုသိတယ်။ အသက်မပေးနိုင်ဘူးလို့ဘဲထင်ခဲ့တာ။ ဒီမနက်ပိုင်းမှ ဆေးကုသနေရင်းကနေဆုံးသွားတယ်” ဟု နယ်မြေခံပရဟိတအဖွဲ့တာဝန်ရှိသူကတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကျူးလွန်သူ တရားခံအမျိုးသားမှာ စစ်ကိုင်းမြို့နယ်၊ ကနားတော်ကျေးရွာတွင်နေထိုင်သည့် အသက် ၂၄ နှစ် အရွယ်ရှိ ဇာနည်ထွန်း(ခ)ရဲရင့်ထွန်း ဆိုသူ ကျောက်ဖြတ်လုပ်သားတစ်ဦးဖြစ်ပြီး ၎င်းကိုခရိုင်ရဲတပ်ဖွဲ့မှဖြစ်စဥ်ဖြစ်ပြီးတစ်ရက်အကြာတွင် ဖမ်းဆီး ရမိခဲ့ ကြောင်း ပရဟိတအဖွဲ့ထံမှ သိရှိရသည်။
#စစ်ကိုင်း #မီးရှို့သတ်ဖြတ်မှု #သေဆုံး #Ayeyarwaddy_Times