ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ ဒီဇင်ဘာလ ၁၂ ရက်
ချင်းပြည်နယ်၏ အထင်ကရနေရာတစ်ခုဖြစ်သည့် ရိဒ်ရေကန်တည်ရှိရာ ဖလမ်းမြို့နယ်တွင် စစ်အာဏာသိမ်းပြီး ၂ နှစ်နီးပါးကာလအတွင်း လာရောက်လည်ပတ်သူ မရှိသလောက်နည်းပါးနေကြောင်း ဒေသခံများထံမှ သိရသည်။
နှစ်စဥ် ခရစ္စမတ်ကာလမတိုင်မှီ ဒီဇင်ဘာလအတွင်းတွင် ရိဒ်ရေကန်သို့ ဒေသအသီးသီးမှ လာရောက်လာပတ်သူများဖြင့် စည်းကားလေ့ရှိသော်လည်း ယခုနှစ် ဒီဇင်ဘာလတွင်မူ နေ့စဥ် တစ်ရက်လျှင် လာရောက်လည်ပတ်သူ ၅ ဦးဝန်းကျင်သာရှိနေကြောင်း ဒေသခံများက ပြောသည်။
“နှစ်တိုင်း ဒီဇင်ဘာလရောက်ပြီဆိုရင် ရိဒ်ရေကန်မှာ ဒေသအသီးသီးက လူတွေစည်ကားတယ်။ တနေ့မှာ လူ ၁ထောင်နီးပါးလောက် ရှိလေ့ရှိတယ်။ ဒီနှစ် ဒီဇင်ဘာလမှာတော့ တနေ့မှာ ၄ ယောက်၊၅ယောက်တို့ လာကြတယ်။ အဲ့တာလည်းတခါတလေပါပဲ။ ရိဒ်ရေကန်ဘေးက စားသောက်ဆိုင်ဖွင့်တဲ့သူတွေလည်း စစ်ဘေးရှောင်ထွက်ပြေးကြပြီ။ ဒီရိဒ်ရေကန်နားက စကစစခန်းရှိတော့ ဘယ်အချိန်မှာ ဘယ်လိုပစ်မလဲမသိဘူးလေ” ဟု ဒေသခံအမျိုႈသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရိဒ်ရေကန်အနီးရှိ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုများ မကြာခဏ
လုပ်ဆောင်လေ့ရှိသည့်အတွက် ဒေသခံပြည်သူအများစုမှာ စစ်ဘေးရှောင်ထွက်ပြေးနေကြပြီး တောင်ယာလုပ်ကိုင်သူအချို့သာ ဆက်လက်နေထိုင်လျှက်ရှိကြောင်း သိရသည်။
“လက်ရှိ ရိဒ်ရေကန်မှာ သွားရောက်လည်ပတ်ဖို့ဆိုတာ ကျနော်တို့ ပြည်သူ့ဘက်ကနေတော့ လုံခြုံပေမဲ့ အဲဒီရိဒ်ရေကန်နားက စကစဘက်က လူအစုဝေးနေရင် သံသယဝင်ပြီး ပစ်မလာစိုးရိမ်ရတယ်။ ရိုးရိုးခရီးသွားလာတာတွေတောင် သူတို့အစစ်ဆေးကြိမ်းတယ်လေ။ လောလောဆယ် လုံခြုံရေးအရ ဒီရိဒ်ရေကန်ကို အလည်ပတ်သွားတာမျိုးကိုတော့ မလုပ်တာ အကောင်းဆုံးပဲ” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရိဒ်ရေကန်မှာ ဖလမ်းမြို့နယ်အတွင်း တောင်ကြားတွင် လွန်ခဲ့သည့်နှစ််ပေါင်းများစွာကတည်းက တည်ရှိနေခဲ့ပြီး၃ မိုင်ကျယ်ဝန်ကာ အသည်းပုံ ပုံသဏ္ဌာန်ရှိပြီး ပြည်တွင်းခရီးသွားများသာမက ပြည်ပခရီးသွားများပါ လာရောက်လည်ပတ်လေ့ရှိသည့် ကမ္ဘာကျော်နေရာတစ်ခုဖြစ်သည်။
#ရိဒ် #ရေကန် #ဖလမ်း #လာရောက်လည်ပတ် #တိုက်ပွဲ
#Ayeyarwaddy_Times