ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၁ ရက်
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဲတောလေးကျေးရွာမှ ပျူစောထီးအဖွဲ့ဝင် ၁ ဦးကို ယမန်နေ့ ဒီဇင် ဘာလ ၁၀ ရက် ည ၈ နာရီခန့်တွင် ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစု WTRF အဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
ပစ်သတ်ခံရသူမှာ သဲတောလေးကျေးရွာမှ ပျူစောထီး အဖွဲ့ဝင် မောင်ရှိန်ဆိုသူဖြစ်ပြီး ၄င်းမှာ ဒေသခံများကို အနိုင်ကျင့်နေသည့် စစ်ကောင်စီတပ်၏ အမာခံထောက်တိုင် ၁ ဦး ဖြစ်ကြောင်းသိရသည်။
“သဲတောလေးကျေးရွာက ပျူမောင်ရှိန်ကို ညကသွား ရောက်ရှင်းလင်းခဲ့တာပါ။ သူကရွာထဲမှာ စစ်ခွေးတွေနဲ့ပေါင်းပြီး ဒုက္ခပေးတာများနေပြီ။ သူလိုလူမျိုးတွေ ကို မထားသင့်ဘူး”ဟု WTRF အဖွဲ့တာဝန်ခံမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
၎င်းပစ်ခတ်ခံရပြီးနောက် စစ်တပ်မှ ကျေးရွာအတွင်းရှိ ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြသည်ဟုဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့ ညနေပိုင်း အချိန်တွင် ဝမ်းတွင်းမြို့နယ်ရဲစခန်းမှ စခန်းမှူးရဲအုပ် စောနိုင်ဦး(ခ)ဗိုလ်စောကိုလည်းကောင်း၊ အောက်တိုဘာ ၁၇ ရက်နေ့တွင်လည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ကျော်မိုးဦးတို့ကိုလည်း မြို့ပြပျောက် ကျားတပ်ဖွဲ့ဖြစ်သည့် WTRF အဖွဲ့မှ ရှင်းလင်းခဲ့သေးသည်။
ယင်းကဲ့သို့ မြို့နယ်အဆင့် စစ်ကောင်စီခေါင်းဆောင်များ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်၊ပျူစောထီးများ ပစ်ခံတ်ုက်ခိုက်ခံရသဖြင့် ဝမ်းတွင်းမြို့နယ်အတွင်း ည ၉ နာရီမှစတင်ကာ ညမထွက်ရအမိန့်ချမှတ်လိုက်ပြီး စစ်ကောင်စီတပ်မှ လူဖမ်းဆီးမှုများ အချိန်မရွေးလုပ်ဆောင်ကာ ငွေကြေးတောင်းခံလျက်ရှိကြောင်း သိရှိရသည်။