နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဒီဇင်ဘာလ ၁၂ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေက စည်ပင်နယ်နမိတ် နဲ့ မလွတ်တဲ့ ဈေးဆိုင်ခန်းတွေနဲ့ နေအိမ်တွေကို လိုက်ဖျက်ခိုင်းတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

စည်ပင်က အခွန်ကောက်ကာ ဖွင့်လှစ်ခွင့်ပေးထားတဲ့ ဆိုင်ခန်းတွေပါ ဖျက်ရတဲ့အထဲမှာ ပါဝင်နေပြီး အားလုံးဆို ဆိုင်ခန်း ၁၀၀ ကျော်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ဖျက်ရတဲ့ ဆိုင်ခန်းက အားလုံးဆို ၁၀၀ ကျော်မယ်၊ ရေလဲလမ်း၊ မင်းလမ်း၊ တေဇလမ်းနဲ့ မြို့ပေါ်ရပ်ကွက် တွေက ဆိုင်ခန်းတွေအားလုံးနီးပါဖျက်ပေးရတာ အဲ့ဆိုင်ခန်းတွေက စည်ပင်ကပဲ အခွန်ကောက်ထားတာ” လို့ ဆိုင်ခန်းဖျက်ပေးခဲ့ရသူ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဖျက်ပေးရတဲ့ ဆိုင်ခန်းတွေကို စည်ပင်ကပဲ အခွန်ကောက်ကာ ဖွင့်ခိုင်းထားတာဖြစ်ပြီး လမ်းနယ်နိမိတ်နဲ့ မလွတ်လို့ဆိုကာ ဖျက်ခိုင်းတဲ့အချိန်မှာလည်း မြို့နယ်စည်ပင်ရုံးကနေ ဖျက်ခိုင်းခဲ့တာလို့ ဆိုပါတယ်။

အရင် အရပ်သားအစိုးရလက်ထက်မှာလည်း မအူပင်မြို့ကို သန့်ရှင်းသာယာလှပအောင် အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ စည်ပင်နဲ့ပေါင်းပြီး ရေမြောင်းရှင်းတာတွေ အမှိုက်ကောက်တာတွေပြုလုပ်ခဲ့တာရှိ ပေမယ့် ခုလိုမျိုး ဆိုင်ခန်းဖျက်ရတာတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်တယ် လို့ ဒေသခံတွေက ပြောပါတယ်။

#မအူပင် #စစ်ကောင်စီ #စည်ပင်နယ်နိမိတ် #စျေးဆိုင် #ဖျက်သိမ်း
#Ayeyarwaddy_Times