ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၁ ရက်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ ဒေသခံ ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း CDF – Kanpetlet က သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့က ကန်ပက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ၎င်းတို့ စစ်ကြောင်းချီရာလမ်းတလျှောက်ရှိ ယာခင်းတဲများအား လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ဒေသအခေါ် မြစ်ပြင်ကျယ်ဒေသတွင် စစ်ဘေးရှောင်နေသော ပြည်သူ ၃ ဦးလက်နက်ကြီးထိမှန်၍ ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“စစ်ဘေးရှောင်ပြည်သူများ၊ အရပ်သားများအား စစ်ရေးပစ်မှတ်ကဲ့သို့ ပစ်ခတ်အကြမ်းဖက်ခဲ့သော စစ်ကောင်စီတပ်များကို စစ်ရေးအရပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်” ဟု CDF – Kanpetletက ရေးသားဖော်ပြထားသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်း ဒီဇင်ဘာလ ၈ ရက်နေ့က ဆောမြို့နယ်၊ ပြင်လယ်ကျေးရွာမှ လယ်ကြီးအိုင်ကျေးရွာသို့ စစ်ကြောင်းထိုးခဲ့ပြီးနောက် ယမန်နေ့တွင် ဒေသအခေါ် ထူးကြီးမှ ကန်ပက်လက်မြို့နယ် ကျောက်တောင်ကျေးရွာဖက်သို့ ဆက်လက်၍ စစ်ကြောင်းထိုးခဲ့ကြောင်း CDF – Kanpetlet၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
#ကန်ပက်လက် #စစ်ကောင်စီ #လက်နက်ကြီး #စစ်ဘေးရှောင်ပြည်သူ #ဒဏ်ရာရ
#Ayeyarwaddy_Times