ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၁ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တအောဝ်း (ပလောင်) ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ TNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေများအကြား ဒီဇင်ဘာလ ၈ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီလေတပ်က ရဟတ်ယာဉ် ၁ စီး ထိ ခိုက်ပျက်ဆီးခဲ့ကြောင်း သိရပါတယ်။
နမ့်ဆန်မြို့နယ်၊ ဟူးမန်းကျေးရွာ နှင့် ကုန်းသာကျေးရွာအနီး ဖြစ်ပွားတဲ့ အဆိုပါတိုက်ပွဲနေရာအနီးကို ရဟတ် ယာဉ်နဲ့စစ်ကောင်စီတပ်သားတွေကိုလာရောက်ပို့ဆောင်စဉ်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က ပစ်ခတ်မှုကြောင့် ရဟတ်ယာဉ်ကိုထိမှန်ခဲ့တာဖြစ်တယ်လို့ မြေပြင်တော် လှန်ရေးတပ်ဖွဲ့ ဝင်တွေက ပြောပါတယ်။
”ဒီဇင်ဘာ ၈ ရက်နေ့တိုက်ပွဲမှာ ထိတာပါ။ အဲ့ဒီနေ့က ရဟတ်ယာဉ်တွေနဲ့လာပြီး စကစကောင်တွေ လာချတာရှိတယ်။ အဲ့ဒီအောက်ဆင်းဖို့ အနိမ်ပျံတဲ့အချိန် တော် လှန်ရေးရဲဘော်တွေဘက်က ပစ်တာ။ ပွိုင့် ၅ ကျည်နဲ့ပစ်တာမှာ ထိသွားတာ။ ထိတာ ၂ စီးထိတာလို့သိရတယ်။ ထိတာက သေချာတယ်”လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်နဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ရှမ်းမြောက်ဒေသတိုက်ပွဲအတွင်း ကျည်ထိမှန်ခဲ့တဲ့ရဟတ်ယာဉ်ဟာ Mi 17 အမျိုးအစားဖြစ်ပြီး လေယာဉ် ကိုယ်ထည်နဲ့ အမြီးပိုင်းကို ကျည်ဆံထိမှန်ခဲ့တာဖြစ် ကြောင်းစုံစမ်းသိရှိရပါတယ်။အဲ့ဒီရဟတ်ယာဉ်ဟာ လတ် တလောမှာပျံသန်းလို့မရတော့လို့ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ဝန်းအတွင်းမှာ ရပ်တန့်ထားရတယ်လို့ စစ်ဘက်သတင်းရင်းမြစ်တွေက အတည်ပြု ပြောဆိုပါတယ်။
”ရဟတ်ယာဉ်ထိသွားတာ မှန်ပါတယ်။Mi 17အမျိုးအစား ပါ။ ဘော်ဒီနဲ့အမြီးကို ထိတယ်။ ပျက်ကျတာမျိုးတော့ မရှိဘူး။ ဌာနေအရောက်တော့ ပြန်လာနိုင်တယ်။ ဒါပေမယ့် လတ်တလောမှာတော့ ထပ်ပြီးပျံသန်းလို့မရတော့ဘူး။ ရမခ ထဲမှာရပ်ထားရတယ်”လို့ အရှေ့မြောက်တိုင်းစစ်ဌာ နချုပ် တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်က ၂ စီးထိမှန်တယ်လို့ ပြောဆိုပေမယ့် ဧရာဝတီတိုင်းမ်အနေနဲ့ Mi 17 ရဟတ် ယာဉ် ၁ စီးထိခိုက်ထားတာကိုသာ အတည်ပြုထားနိုင်ပါတယ်။
စစ်ကောင်စီတပ်သုံး Mi 17 အမျိုးအစားရဟတ်ယာဉ်တွေဟာ စစ်ကောင်စီလေတပ်အတွက် မဟာဗျူဟာမြောက် ရဟတ်ယာဉ်တွေဖြစ်ပြီး သယ်ယူပို့ဆောင်ရေးအတွက် အဓိကအသုံးပြုတဲ့ ရဟတ်ယာဉ်တွေဖြစ်တယ်လို့ လေတပ် CDM တပ်မတော်သားအရာရှိ ၁ ဦးကပြောပါတယ်။
”ရှမ်းမြောက်မှာဆိုရင် ရမခ နဲ့တဆက်တည်းရှိတဲ့ အမြောက်တပ်ဝန်းမှာ Mi 17 ၂ စီး၊ Mi 35 ၂ စီး ကို အရင်ထဲက ထားထားတာ ရှိတယ်။ လေတပ်ထဲမှာမဟုတ်ဘဲ တိုင်းစစ်ဌာနချုပ်အနေနဲ့ အရေးပေါ်သုံးလို့ ရအောင်ထားထားတာ။ ဒီ Mi 17 တွေက မဟာဗျူဟာမြောက်ရဟတ် ယာဉ်လို့ ပြောလို့ရတယ်။ Transportation (သယ်ယူပို့ ဆောင်ရေး) ကိုအဓိကပေါ့နော်။ ပစ်ခတ်တာလုပ်လို့ရ အောင် လုပ်ထားတဲ့ ရဟတ် ယာဉ်တွေလည်း ရှိပါတယ် ။ အဓိကက တိုက်ပွဲဖြစ်နေတဲ့နေရာကို စစ်ကူသွားချပေးလို့ရတယ်။ တိုက်ပွဲထဲမှာ ဒဏ်ရာပြင်းထန်သူရှိရင်လည်း ပြန်သယ်တယ်ပေါ့။ မြေပြင်ဆင်းဖို့ အနိမ့်ပျံမယ့်အချိန်မှာ သူ့မှာ ဘာ cover မှ မရှိတဲ့အတွက် ပစ်ခတ်ရင်ထိခိုက်နိုင်ပါတယ်။ ပျက်ကျတဲ့အထိမဟုတ်ရင်တောင် နောက်တခါပျံလို့မရတော့တဲ့ အခြေအနေမျိုး” လို့ လေတပ် CDM တပ်မတော်သား ဗိုလ်ကြီး ဇေသူအောင်က ပြောပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ တအာဝ်း(ပလောင်)ကိုယ်ချုပ်ခွင့်ရနယ်မြေထဲမှာ ဒီဇင်ဘာလ ၈ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေလို့ ဒေသခံတွေထောင်နဲ့ချီထွက်ပြေးတိမ်း ရှောင်နေရပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီလေတပ်သုံး Mi 17 ရဟတ်ယာဥ်။
#စစ်ကောင်စီ #ရဟတ်ယာဥ် #Mi 17 #ကျည်ဆန်ထိမှန် #Ayeyarwaddy_Times