ကိုကိုမိုး/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ ဒီဇင်ဘာလ ၁၁ ရက်
ဧရာဝတီတိုင်းက လယ်သမားတွေ စားဝတ်နေရေးကြပ်တည်းလာလို့ ရောင်းချတဲ့ လယ်မြေတွေကို တရုတ်နိုင်ငံသားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက စျေးနှိမ်ဝယ်ယူနေတယ်လို့ သိရပါတယ်။
လယ်မြေ ၁ ဧကကို ၁၇ သိန်းအထိ ကာလပေါက်စျေးရှိနေပေမယ့် တရုတ်နိုင်ငံသားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက တစ်ဧကကို ၁၂ သိန်းဝန်းကျင်သာ စျေးပေးပြီး စျေးနှိမ်ဝယ်ယူနေတာလို့ ဧရာဝတီတိုင်းက ဒေသခံတောင်သူတွေက ပြောပါတယ်။
“အခုတက်လာတဲ့ ကုန်စျေးနှုန်းတွေနဲ့ စိုက်ပျိုးရေးလုပ်လို့လည်း အဆင်မှမပြေတော့တာ။ အကြွေးတွေဆပ်ရမှာနဲ့ရှိတဲ့လယ်ပဲရောင်းလိုက်ရတယ်။ အခုစျေးနဲ့တစ်ဧက ၁၇ သိန်းလောက်ရှိတယ်။ တစ်ဧက ၁၂ သိန်းပဲပေးတယ်။ ပွဲစားကို ၁ဧကတစ်သိန်းပေးရတယ် ဆိုတော့စျေးကအလကားနီးပါးပါပဲငွေလိုနေတဲ့အခါကြတော့လည်းရတဲ့စျေးနဲ့ရောင်းလိုက်ရတာပဲ”လို့ ပန်းတနော်မြို့နယ်မှ ဒေသခံတောင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စိုက်ပျိုးရေးသွင်းအားစုများ အဆမတန်စျေးနှုန်းမြင့်တက်လာတာကြောင့် စိုက်ပျိုးရေးသွင်းအားစုများ လျှော့ချအသုံးပြုရခြင်း၊ စိုက်ဧကလျှော့ချစိုက်ပျိုးရခြင်းတို့ကြောင့် စပါးအထွက်နှုန်းနည်းတဲ့အပြင် စိုက်ပျိုးစာရိတ်နှင့် စပါးရောင်းရငွေမကာမိတာကြောင့် လယ်သမားအများစု အကြွေးနွံနစ်ကာ စားဝတ်နေရေးကြပ်တည်းနေကြတယ်လို့ ဧရာဝတီတိုင်းက တောင်သူအချို့က ဆိုပါတယ်။
“ပိုးသတ်ဆေးတွေ အသီးအားဆေးတွေ ဓာတ်ဆားတွေစျေး ၁၀ ဆနီးပါး တက်လာတော့ ၅ အိတ်လောက်သုံးရမဲ့နေရာမှာ ၂အိတ်လောက်ပဲသုံးနိုင်တော့တယ်။ ဒီတော့အထွက်နှုန်းကထင်သလောက်မရှိတော့ဘူး။ အဓိက ပြဿနာကတော့ စျေးပဲသုံးရမဲ့ပစ္စည်းတွေက စျေးတတ်နေတော့စိုက်နိုင်သလောက်စိုက်ဖို့အဆင်မပြေတော့ဘူး။ ကျနော်ဆို ဒီနှစ် ဧက ၂၀ ရှိတာ ၁၀ ဧကပဲလုပ်နိုင်တော့တယ်” လို့ ဝါးခယ်မမြို့နယ်မှ တောင်သူတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဧရာဝတီတိုင်းမှာ ဒေသခံလယ်သမားအများစုဟာ းစိုက်ပျိုးရေးသွင်းအားစုဈေးနှုန်း အဆမတန်မြင့်တက်နေမှုကြောင့် မိုးစပါးထက်စိုက်ပျိုးစာရိတ်ပိုမိုကုန်ကျလာနိုင်မည်ဖြစ်၍ ဆောင်းစပါးစိုက်ဧကအား ၃ ပုံ ၁ ပုံအထိ လျှော့ချစိုက်ပျိုးနေတယ်လို့ ဒေသခံလယ်သမားတွေဆီက သိရပါတယ်။
#ဧရာဝတီ #လယ်သမား #စားဝတ်နေရေး #လယ်မြေ
#Ayeyarwaddy_Times