ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၁ ရက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်မှာ ထောင်နဲ့ချီတဲ့ပြည်သူတွေဟာ ရွေးကောက်ပွဲသစ်ကျင်းပနိုင်ရေး လွှတ်တော်ဖျက်သိမ်းဖို့နဲ့ ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ ရာထူးမှနှုတ်ထွက်ရေး တောင်းဆိုဖို့ လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာက လောင်စာဆီနဲ့ လူနေမှုကုန်ကျစရိတ် မြင့်တက်လာမှုကိုဖြေရှင်းဖို့ ပျက် ကွက်ခဲ့တယ်လို့ စွပ်စွဲနေတဲ့ အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) က ဒါကာမြို့တော်မှာ လူထု ဆန္ဒပြပွဲကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ရှိတ်ခ်ဟာစီနာကို ရာထူးမှနှုတ်ထွက်ဖို့နဲ့ ရွေးကောက်ပွဲသစ်ကျင်းပဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း ဆန္ဒပြ ပွဲတွေ ပြုလုပ်နေချိန်မှာ အခုလို ဒါကာမြို့တော်မှာ BNP က လူထုဆန္ဒပြပွဲ စီစဉ်ခဲ့တာဖြစ်ပါတယ်။

အတိုက်အခံပါတီခေါင်းဆောင်တွေက အကြမ်းဖက်သမားတွေလို့ ရှိတ်ခ်ဟာစီနာက တုံ့ပြန်ခဲ့ပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံရဲ့ အကြီးမားဆုံး အတိုက်အခံပါတီ BNP အာဏာရရှိလာပါက အန္တရာယ်ရှိလာနိုင်တယ်လို့ ပြည်သူတွေ ကို သတိပေးခဲ့ပါတယ်။

ရဲတပ်ဖွဲ့က BNP ထိပ်တန်းခေါင်းဆောင်နှစ်ဉီးကို ဖမ်းဆီးခဲ့ပြီး ပါတီအထွေထွေအတွင်းရေးမှူး အလမ်ဂါ ကို စွဲချက်တင်ခဲ့ပါတယ်။

ဒါကာမြို့တော်ရှိ BNP ရုံးချုပ်ရှေ့က ဆန္ဒပြပြည်သူတွေကို လူထုခွဲဖို့ လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယို ဗုံးတွေ ပစ်ခတ်ခဲ့တာကြောင့် ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ရာ လူတစ်ဉီး သေဆုံးခဲ့ပါ တယ်။

ဆန္ဒပြသူတွေပြုလုပ်တဲ့ မိုလိုတော့ဗ်ကြောင့် လူတစ်ဉီး ဒဏ်ရာရရှိကာ သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ပြန်ကြားရေးနှင့် ရုပ်သံထုတ်လွှင့်ရေးဝန်ကြီး ဟတ်ဆန်မာမွတ်က ပြောပါတယ်။

၂၀၂၃ ခုနှစ်အကုန်မှာပြုလုပ်မယ့် လာမယ့် အထွေထွေရွေးကောက်ပွဲအတွက် ရက်အတိအကျ မသတ်မှတ် ရသေးဘူးလို့ ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

ကိုးကား – CNN
Ref; Tens of thousands protest in Bangladesh to demand resignation of Prime Minister Sheikh Hasina