ကိုအေး/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ ဒီဇင်ဘာလ ၁၁ ရက်
ဆန်စပါးအဓိကစိုက်ပျိုးရာ ဧရာဝတီတိုင်းဒေသကြီးတွင် ဒေသခံလယ်သမားအများစုမှ စိုက်ပျိုးရေးသွင်းအားစုဈေးနှုန်း အဆမတန်မြင့်တက်နေမှုကြောင့် မိုးစပါးထက်စိုက်ပျိုးစာရိတ်ပိုမိုကုန်ကျလာနိုင်မည်ဖြစ်၍ ဆောင်းစပါးစိုက်ဧကအား ၃ ပုံ ၁ ပုံအထိ လျှော့ချစိုက်ပျိုးနေရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စိုက်ပျိုးရေးသွင်းအားစုဈေးနှုန်း အဆမတန်မြင့်တက်နေမှုကြောင့် လယ် ၁ ဧကလျှင် စိုက်ပျိုးစာရိတ် ၆ သိန်းမှ ၇ သိန်းဝန်းကျင်အထိ ကုန်ကျနေမှုပြီး ယခင်က ၁၀ ဧကအထက်စိုက်ပျိုးနေသည့် ဒေသခံလယ်သမားအများစုမှာ ၁၀ ဧက ဝန်းကျင်သာ စိုက်ပျိုးနိုင်တော့ကြောင်း ဓနုဖြူမြို့နယ်က ဒေသခံလယ်သမားအချို့ထံမှ သိရသည်။
“လယ်တစ်ဧကကို ကုန်ကျစာရိတ် ၆ သိန်းကျော်၊ ၇ သိန်းနီးပါး ကုန်ကြတယ်။ အဲ့လောက်ဆိုတော့ ၁၅ဧကလောက်ရှိသူက ၁၀ဧကနီးပါးဘဲ လုပ်နိုင်တော့တာပေါ့။ အရင်ကဆို ဓါတ်ဆားနဲ့လိုအပ်တဲ့ဆေးတွေကို ဆိုင်တွေမှာ အကြွေးယူထားလို့ရတယ်။ အခုက အကြွေးမရတော့ အခက်တွေ့ရတယ်။ ရေတင်ရတဲ့အခါမှာလည်း စက်သုံးဆီဈေးက အရင်ထက်သုံးဆလောက်တက်နေတော့ ပိုဆိုးတာပေါ့”ဟု ဓနုဖြူမြို့နယ်ဒေသခံတောင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယခင်အရပ်သားအစိုးရလက်ထက်က စိုက်ဘဏ်ချေးငွေမှာ စိုက်ပျိုးစာရိတ်နှင့် လောက်ငှမှုရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း သွင်းအားစုစျေးနှုန်းများ ၄ ဆကျော် မြင့်တက်နေမှုကြောင့် စစ်ကောင်စီက ထုတ်ပေးသည့် ချေးငွေနှင့် လောက်ငှမှုမရှိတော့ကြောင်း ဒေသခံလယ်သမားများက ဆိုသည်။
“သူတို့က ထုတ်ချေးတဲ့ငွေကလည်း ဓါတ်ဆားဖိုးလောက်တောင် မလုံလောက်ပါဘူးဗျာ။ အစာက ၃ကြိမ်လောက်ကျွေးရတာ။ တစ်ဧကကို ဓါတ်ဆား ၃အိတ်လောက်ကုန်တယ်။ အခုက တစ်အိတ်ကို တစ်သိန်းကျော်ပြီ။ အခြားဆေးဖြစ်တဲ့ ရွှေခရုသတ်ဆေးတွေ မပါသေးဘူး။ အဲ့ဒါကြောင့် လက်ရှိတာဝန်ရှိတဲ့သူတွေက သွင်းအားစုပစ္စည်းများကို ရာသီပေါ်အထိ စောင့်ဆိုင်းပြီး ချထားပေးနိုင်ရင် တောင်သူတွေရဲ့ဘဝကတိုးတက်လာကြမှာပါ”ဟု မော်လမြိုင်ကျွန်းမြို့နယ်မှ တောင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဆောင်းသီးနှံများကို နိုဝင်ဘာလနှင့်ဒီဇင်ဘာလများတွင်စ၍ စိုက်ပျိုးပြီး မတ်လကုန် ဧပြီလများတွင် ရိတ်သိမ်းလေ့ရှိကြောင်း သိရသည်။
“မိုးစပါးပေါ်ချိန်ကလဲ တောင်သူများရဲ့လက်ထဲမှာ ကုန်ပစ္စည်းမရှိဘဲ ကုန်သည်ကြီးများလက်ထဲတွင်သာရှိတဲ့အတွက် ဧရာဝတီတိုင်းအတွင်း ဆန်စပါးရှားပါးမှုဖြစ်ပေါ်နိုင်တယ်၊ယခုလိုနွစေပါးစိုက်ပျိုးချိန်တွင်လည်း သွင်းအားစုများကြောင့် စိုက်ပျိုးဧက လျော့ကျခြင်းများဖြစ်နေပါက နိုင်ငံ၏စပါးကျီဖြစ်သော တိုင်းဒေသကြီးက ဆန်ဈေးနှုန်းများယခု ဈေးနှုန်းထက် တက်နိုင်ဖို့ရှိတယ်”ဟု ဆန်ကုန်သည်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဆောင်းစပါးစိုက်ပျိုးရန်အတွက် အလုပ်သမားစာရိတ်၊စက်သုံးဆီစာရိတ်၊ မျိုးစေ့ဝယ်ယူရမှု၊ အစာကျွေးရမှုများ၊လယ်ယာသုံးစက်များ ပြင်ဆင်ရမှုများကြောင့် ကုန်ကျစာရိတ်မှာ ယခင်ကထက် ပိုမိုများပြားနေကြောင်း ဒေသခံတောင်သူများက ပြောသည်။