ဧရာဝတီတိုင်းမ်
(ပေါင်)၊ ဒီဇင်ဘာလ ၁၀ ရက်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေရဲစခန်းမှ နယ်ထိန်းတစ်ဦးနှင့်ရဲတပ်သားတစ်ဦးအား ယနေ့ဒီဇင်ဘာလ ၁၀ ရက် ညနေ ၃ နာရီဝန်းကျင်တွင် ဥတ္တံတားကျေးရွာမှ ရဲစခန်းသို့ အပြန်လမ်းတွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။
ပစ်သတ်ခံရသူနှစ်ဦးမှာ ဥတ္တံတားကျေးရွာ နယ်ထိန်း မောင်ကိုကို(ခ)ဝတုတ်ဆိုသူနှင့် ရဲတပ်သား ခိုင်ဇော်ထွန်းတို့ ဖြစ်ကြပြီး ဥတ္တံတားရွာမှအပြန် ဖလပ်ကျေးရွာအနီးတွင်အမည်မသိသေနတ်သမားများမှ ပစ်ခတ်ခဲ့ရာ နေရာ၌ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
“သူကဥတ္တံတားမှာ တာဝန်ကျတာကြာပြီ။ ဥတ္တံတားမှာ အတော်မွှေနေတာ။ နယ်လည်းကျွမ်းပြီး တော်လှန်ရေးသမားတွေကို အတော်ဒုက္ခပေးတယ်။ ရွာမှာလိုင်းကြေးတွေလည်းကောက်တာသူပဲ အတော်ဆိုးတဲ့သဘောရှိတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါနယ်ထိန်း မောင်ကိုကို(ခ)ဝတုတ်မှာ ဥတ္တံတားနယ်ထိန်းအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ံပြီး စစ်ကောင်စီတပ်ကိုသတင်းပေးခြင်း၊ တော်လှန်ရေးရဲဘော်များအား ဒုက္ခပေးခြင်း၊ ရွာထဲတွင် ရဲလိုင်းကြေးများခြိမ်းခြောက်ကောက်ခံခြင်းများရှိနေကြောင်း သိရသည်။
ဇင်းကျိုက်ရဲစခန်းမှ နယ်ထိန်းနှင့် ရဲတပ်သား ပစ်သတ်ခြင်းခံရပြီးနောက် စစ်ကောင်စီတပ်များမှ လမ်းများပိတ်ဆို့ကာ ဥတ္တံတားကျေးရွာအတွင်း အင်အားအများအပြားဖြင့် ဝင်ရောက်လာပြီးကုလားမတောင်တန်းပေါ်သို့ သေနတ်ပစ်ဖောက်ရှာဖွေခြင်းများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း ဒေသကာကွယ်ရေးတပ်များမှ ဇင်းကျိုက်နယ်မြေရဲစခန်းအား ဒရုန်းအပါအဝင် လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။
#ဇင်းကျိုက် #နယ်မြေခံရဲစခန်း #နယ်ထိန်း #ရဲတပ်သား #ပစ်ခတ်ခံရ #သေဆုံး
#Ayeyarwaddy_Times