ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဒီဇင်ဘာလ ၁၀ ရက်

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ကျေးရွာတစ်ချို့အား အနီရောင်နယ်မြေအဖြစ် စစ်ကောင်စီက သတ်မှတ်ကြောင်း သတင်းထွက်ပေါ်ပြီးနောက် အဆိုပါကျေးရွာများမှ ဒေသခံပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်ရန် အခက်ကြုံနေရကြောင်း သိရသည်။

စစ်ကောင်စီက အနီရောင်နယ်မြေအဖြစ် သတ်မှတ်ထားသည့်နယ်မြေများတွင် ရဟတ်ယာဉ်ဖြင့် မကြာခဏကင်းထောက်မှုများပြုလုပ်မှုသည့်အတွက် လေကြောင်းဖြင့် အချိန်မရွေးတိုက်ခိုက်လာနိုင်ခြင်း၊ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာနိုင်ခြင်းတို့ကြောင့် ဒေသခံပြည်သူများက ထွက်ပြေးတိမ်းရှောင်ရန် အခက်ကြုံနေရကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။

“အနီရောင်နယ်မြေအဖြစ် သတ်မှတ်ထားတဲ့ သတင်းထွက်ပေါ်လာပြီးနောက် ဒေသခံပြည်သူတွေက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ချင်ကြတာပါ။ အများစုကတော့ လမ်းခရီးအခက်အခဲနဲ့ မိသားစုငွေရေး/ကြေးရေးအခက်အခဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ကြဖို့ အခက်ကြုံနေကြပါတယ်။ မတူပီမြို့အဝင်/အထွက်တွေမှာ စစ်ကောင်စီတပ်တွေက စခန်းချထားတဲ့အတွက် မြို့ထဲကို ထွက်ပြေးတိမ်းရှောင်ဖို့လည်း ကြောက်နေကြတယ်။ မီဇိုးရမ်ဘက်ကို တိမ်းရှောင်ဖို့လည်း လမ်းခရီးက အလွန်ခက်ခဲတယ်။ ဆိုင်ကယ်ကယ်ရီခလည်း ဈေးကြီးတဲ့အတွက် ရွာထဲမှာပဲ ပိတ်မိနေကြတယ်”ဟု ခြမ်းပရမ်းကျေးရွာမှ မီဇိုးရမ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာသော အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အနီရောင်နယ်မြေအဖြစ်သတ်မှတ်ထားသော ကျေးရွာများအပါအဝင် ၎င်းကျေးရွာများနှင့် နီးစပ်နေသော ဒေသခံပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြပြီး လမ်းခရီးခက်ခဲမှုများကြောင့် ပြည်သူအချို့သာ လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်နိုင်ကြကြောင်း သိရသည်။

“တစ်ချို့ကျေးရွာတွေက ဒီဘက်ကို ရောက်ရှိလာဖို့အတွက် မတူပီမြို့ကို ဖြတ်မှ ရမယ်။ ဒါကြောင့် တောထဲက လူသွားလမ်းကနေပဲ ဆိုင်ကယ်တွေကို ခက်ခက်ခဲခဲမောင်းနှင်လာခဲ့တယ်။ လူသွားလမ်းကနေပဲ ခက်ခက်ခဲခဲမောင်းနှင် လာတဲ့အတွက် မီဇိုးရမ်ဘက်သွားမယ့် လမ်းဘက်ကို ရောက်ရှိနိုင်ဖို့အတွက် နှစ်ရက်ကြာတယ်”ဟု မတူပီမြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာသူ အမျိုးသမီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက နည်းလမ်းမျိုးစုံဖြင့် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် မတူပီမြို့နယ်မှ ဒေသခံပြည်သူများသည် ပြည်တွင်း/ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး အနီရောင်နယ်မြေအဖြစ် သတ်မှတ်ထားသည်ဟူသော သတင်းများကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်ပြည်သူများ တနေ့တခြား ပိုမိုတိုးပွားလာကြောင်း မြန်မာစစ်ဘေးရှောင်ကော်မတီထံမှ သိရသည်။

ဓာတ်ပုံ – မတူပီမြို့မှ စစ်ဘေးရှောင်ပြည်သူအချို့အား မြင်တွေ့ရစဥ်။(ယခင်က ပုံအဟောင်းအား အသုံးပြုထားပါသည်)
#မတူပီ #အနီရောင်နယ်မြေ #ဒေသခံ #ထွက်ပြေး
#Ayeyarwaddy_Times