ဧရာဝတီတိုင်းမ်
(မြိုင်)၊ ဒီဇင်ဘာလ ၁၀ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ယမန်နေ့ဒီဇင်ဘာလ ၉ ရက် နှင့် ယနေ့ ၁၀ ရက်နေ့တွင် ၂ ရက်ဆက်တိုက် စစ်ကောင်စီယာဉ်တန်းများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်မှ ဗိုလ်အဆင့်ရှိသူတစ်ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

မြိုင်မြို့နယ် စက်မှု(၂)တကစ(၃)မှ ကံမဘက်သို့ထွက်လာသည့် ကား ၄ စီးပါစစ်ကောင်စီယာဉ်တန်းအား ယနေ့ မနက် ၆ နာရီဝန်းကျင်တွင် မိုင်းပွိုင့် ၂ ပွိုင့်ဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပ.က.ဖ)ထံမှ သိရသည်။

“စက်မှု ၂ ကနေကံမဘက်ကိုပြန်လာတဲ့ကား ၄ စီးကိုဒီနေ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ ထိခိုက်မှုကစုံစမ်းဆဲပါ။ မနေ့က ကား ၁၃ စီးကို နှစ်နေရာခွဲ မိုင်းဆွဲတိုက်တာက တစ်ယောက်သေ ၃ ယောက်ဒဏ်ရာရတယ်လို့သိရတယ်။ စစ်ကား၁၃စီးလာတာကို ကင်းပုန်းလာဝပ်တဲ့ပျူတွေကိုလည်း ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်”ဟု မြိုင်(ပကဖ)တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယမန်နေ့ ဒီဇင်ဘာလ ၉ ရက်နေ့ မနက် ၉ နာရီဝန်းကျင်အချိန်ကလည်း ပထမအကြိမ်အဖြစ် စက်မှု(၂)နှင့်သရက်ကန်ပျူစောထီးစခန်းကြားတွင် စစ်ကောင်စီကား ၃ စီးအား ပွိုင့်မိုင်း ၆ ခုဖြင့် တိုက်ခိုက်ခဲ့ရာ ‌စစ်ကောင်စီ FAWကားတစ်စီးပျက်စီးခဲ့ပြီး စစ်ဗိုလ်တစ်ဦးအပါအဝင် ၃ ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ်အဖြစ် အဆိုပါအင်အား ၇၀ ဝန်းကျင်ပါစစ်ကောင်စီယာဉ်တန်းအား သရက်ကန်ပျူစောထီးစခန်းနှင့် တွင်းမပျူစောထီးစခန်းကြားတွင် မိုင်းပွိုင့်တစ်ပွိုင့်ဖြင့် ထပ်မံတိုက်ခိုက်ခဲ့ပြီး လုံခြုံရေးယူရန်ကင်းပုန်းလာဝပ်သည့် ပျူစာထီးများအား ဒရုန်း အပါအဝင် လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ ထိခိုက်မှုများရှိသော်လည်း မြေပြင်အခြေနေမျာအရအတည်ပြုနိုင်ခြင်းမရှိကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တပ်ရင်း (၁)၊ တပ်ခွဲ (၁)၊ တပ်ခွဲ ၂(ဂဠုန်ပြည်သူ့ကာကွယ်ရေးတ‌ပ်ဖွဲ့)၊ တပ်ခွဲ ၄(စကြာ်ဒေသကာကွယ်ရေးတပ်ဖွဲ့)၊ မုန်တိုင်းတပ်ဖွဲ့၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့၊ မြေပြန့်ဒေသကာကွယ်ရေးတပ်ဖွဲ့(MRDF)၊ West Ayeyar Guerrilla Forceတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်(ပ.က.ဖ)ထံမှ သိရသည်။

#မြိုင် #စစ်ကောင်စီယာဥ်တန်း #မိုင်းဆွဲတိုက်ခိုက် #သေဆုံး
#Ayeyarwaddy_Times