ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဒီဇင်ဘာလ ၁၀ ရက်

​တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်မောင်းမကန်နယ်မြေ ရဲစခန်းမှတာဝန်ကျ ရဲတပ်သား ၃ ဦး ဒီဇင်ဘာလ ၈ ရက်နေ့ညပိုင်းက လက်နက်များယူဆောင်ကာ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း ဒေသခံများထံကသိရသည်။

” ပြေးတာက ၈ ရက်နေ့ညပိုင်းက သေနတ်တွေပါ ယူ ပြီးပြေးသွားတာ၊ အခုသူတို့ကိုအသည်းအသန်လိုက်ရှာနေတယ်” ဟု မောင်းမကန်ရဲစခန်းနှင့်နီးစပ်သူတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါနယ်မြေရဲစခန်းမှ ရဲတပ်သားများ လက်နက်များယူဆောင်ထွက်ပြေးသွားသဖြင့် အမြန်ဆုံး ပြန် လည်ဖမ်း ဆီးရမိရေးအတွက် စစ်ကောင်စီကြည်း တပ်မှ ဗိုလ်ကြီး အဆင့်ရှိသူက အဆိုပါစခန်းမှ ရဲများနှင့် စစ်ဖက်ဆိုင်ရာထောက်လှမ်းရေး(စရဖ)များ ကိုညွှန်ကြားထားကာ ရဲစခန်းကိုလည်းလုံခြုံရေးတင်းကြပ်ထားကြောင်း ရဲစန်းအတွင်းနေထိုင်သူတစ်ဦးက ပြောသည်။

“ဒီဇင်ဘာ ၄ ရက် နေ့က မောင်းမကန် ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရတယ်။ အဲ့တာပြီးတော့ စခန်းထဲကရဲတွေ အရမ်းကြောက်ပြီး ထိန့်လန့်နေကြတယ်။စိတ် ဓာတ်တွေလည်းအရမ်းကျနေကြတယ်လို့သိရတယ်။အချင်းချင်းဆဲဆိုပြီး ရန်ဖြစ်တာတွေလည်း ရှိတယ်။ အဲ့ဒီကြားထဲ လက်နက်တွေနဲ့ထွက်ပြေးတော့ ကျန်နေတဲ့ စခန်းထဲကရဲတွေကိုလည်း လုံခြုံရေးတင်းကြပ်ထားပြီး အချိန်ပြည့်စောင့်ကြည့်တာတွေ လုပ်ဆောင်နေတယ်”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောပါသည်။

လက်နက်များဖြင့် ထွက်ပြေးလွတ်မြောက်နေသည့် ရဲတပ်သား ၃ ဦး ဖမ်းဆီးရမိရေး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လောင်းလုံးမြို့နယ် အနီး လမ်းဆုံလမ်းခွများတွင် တင်းကြပ်စွာ စစ်ဆေးမှုများပြုလုပ်နေကြသော်လည်း ယနေ့အချိန်ထိ ပြန်လည်ဖမ်းဆီး ရမိခြင်း မရှိသေးကြောင်း သိရပါသည်။

အဆိုပါ မောင်းမကန်ရဲစခန်းအပါအဝင် လောင်းလုံမြို့နယ်အတွင်းစစ်အုပ်စုထောက်တိုင်နေရာ ၄ ခုကို ဒီဇင်ဘာ ၄ ရက်ညပိုင်းက ပြည်သူ့ကာကွယ်ရေး ပူး ပေါင်းတပ်ဖွဲ့များမှတိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂ ဦးအပါဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီးတို့ ၄၀ ဦးဝန်းကျင် ခန့်သေဆုံးခဲ့ကြောင်းသိရသည်။

#လောင်းလုံ #မောင်းမကန် #နယ်မြေရဲစခန်း #ရဲ၃ဦး #လက်နက်များ #ထွက်ပြေး #AyeyarwaddyTimes