ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၀ ရက်
စစ်ကောင်စီတပ်၏ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး(စရခ)၊ စစ်ကိုင်းမြို့အခြေစိုက် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်(တမခ ၃၃) နှင့် မိတ္ထီလာမြို့အခြေ စိုက် အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ်(တမခ ၉၉) တို့ကို ဗြိတိန်အစိုးရမှ ဒဏ်ခတ်အရေးယူပိတ်ဆို့ကြောင်းဒီဇင်ဘာလ ၉ ရက် ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
လူ့အခွင့်ရေးချိုးဖောက်မှုများ၊ ပဋိပက္ခအတွင်း လိင်အကြမ်းဖက် ကျူးလွန်မှုများနှင့်ပတ်သက်ပြီး စစ်ကောင် စီလက်အောက်ခံ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး (စရခ)၊ တပ်မ ၃၃ နှင့် တပ်မ ၉၉ တို့ကို ဒဏ်ခတ်ပိတ် ဆို့ အရေးယူမှုအသစ်များ ထပ်မံချမှတ်ကြောင်း မြန်မာ နိုင်ငံဆိုင်ရာဗြိတိန်သံရုံးမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်၏ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရခ) အနေဖြင့် စစ်ကြောရေးလုပ်ဆောင်မှုများတွင် မုဒိန်းမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအပါအဝင် ညှဥ်းပန်းနှိပ်စက်မှုများကို အဓိကကျူးလွန်နေကြောင်းသိရှိရပြီး ၂၀၁၇ ခုနှစ်တွင် တပ်မ ၃၃ နှင့် တပ်မ ၉၉ တို့သည် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအပေါ် လိင်အကြမ်း ဖက်ခြင်းအပါအဝင်အခြားအကြမ်းဖက်မှုများကျူးလွန်ခဲ့ကြောင်း ဗြိတိန်အစိုးရမှ ဆိုသည်။
ဗြိတိန်အစိုးရသည်ယနေ့ဒီဇင်ဘာ ၁၀ရက်နေ့တွင် ကျ ရောက်မည့်နိုင်ငံတကာလူ့အခွင့်အရေးနေ့ကိုလေး စားသမှုပြုရင်း မြန်မာစစ်တပ်၏ စစ်ဘက်ရေးရာ လုံ ခြုံရေးအရာရှိချုပ်ရုံး(စရခ)၊ ခြေမြန်တပ်မ (LID)၃၃ နှင့် ခြေ မြန်တပ်မ (LID) ၉၉ တို့ကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ခြင်းဖြစ် သည်ဟုဖော်ပြသည်။
စစ်ကောင်စီတပ် စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး၏အရာရှိချုပ်သည် လက်ရှိစစ်ကောင်စီတွင် တွဲဖက် အတွင်းရေးမှူးတာဝန်ရယူထားသူ စစ်တက္ကသိုလ်(DSA) အမှတ်စဥ် ၂၉ ဆင်း ဒု-ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဖြစ်ပြီး ၄င်းဦးဆောင်သည့် စစ်ဘက်ရေးရာအရာရှိချုပ်ရုံး(စရခ) လက်အောက်ခံ စစ်တိုင်းဒေသ ၁၄ ခုရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) တပ်ဖွဲ့ဝင် အရာရှိ၊အခြားအဆင့်များက စစ်ကြေားရေးအသီးသီးတွင်အဆိုပါအကြမ်းဖက်မှုများကိုဦးဆောင်၍ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံကသိရသည်။
ထို့အပြင် ဗြိတိန်အစိုးရမှ ၂၀၁၇ ခုနှစ်၊ရခိုင်ပြည်မြောက်ပိုင်းရှိ ရိုဟင်ဂျာများအပေါ် အကြမ်းဖက်လုပ်ဆောင်မှုများကြောင့် ပိတ်ဆို့အရေးယူခဲ့သည့် စစ်ကိုင်းမြို့အခြေ စိုက် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်(တမခ ၃၃)၏ လက်ရှိတပ်မမှူးသည် အလုပ်သင်ဗိုလ်အမှတ်စဥ် ၂၃ ဆင်း ဗိုလ်မှူးချုပ် ကိုကိုလွင် ဖြစ်ပြီး ၄င်းသည် အဆိုပါကာလများတွင်ရိုဟင်ဂျာနယ်မြေရှင်းလင်းရေးတွင်ပါဝင်ခဲ့ခြင်းမရှိသော်လည်း လက်ရှိစစ်ကိုင်းတိုင်းအတွင်း နေ အိမ်မီးရှို့ဖျက်ဆီးမှု၊သတ်ဖြတ်မှုများကို ၄င်းဦးဆောင်သည့် တပ်မ ၃၃ နှင့်လက်အောက်ခံတပ်ရင်းများက လုပ် ဆောင်နေခြင်းဖြစ်သည်။
အလားတူ လက်ရှိ အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ် (တမခ ၉၉)တပ်မမှူးသည် အလုပ်သင်ဗိုလ်အမှတ်စဥ် ၂၄ ဆင်း ဗိုလ်မှူးကြီး ကျော်ထွန်းအောင်ဖြစ်ပြီး ၄င်းဦးဆောင်သည့် တမခ ၉၉ နှင့် လက်အောက်ခံတပ်ရင်းများသည် လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်း မီးရှို့သတ် ဖြတ်မှုများလုပ်ဆောင်နေကြောင်းသိရသည်။
အမေရိကန်အစိုးရအနေဖြင့်လည်း စစ်အာဏာသိမ်းပြီးလူ့အခွင့်အရေးချိုးဖောက်မှုများလုပ်ဆောင်နေသည့် စစ်ခေါင်းဆောင်များ၊ စစ်ကောင်စီတွင်ပါဝင်နေသူများနှင့်စစ်ကောင်စီခန့်နယ်ဘက်ဝန်ကြီးများ၊ စစ်လက်နက်ဝယ်ယူရေးတွင်ပါဝင်နေသည့်ကုမ္ပဏီများ စစ်ကောင်စီတပ်၏တပ်ဖွဲ့များ၊တပ်မများအား အရေး ယူပိတ်ဆို့လျက်ရှိရာ ကာကွယ် ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး(ကကထုတ်)၊ စစ်ထောက်ချုပ်ရုံး( ကကထောက်)၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ တပ်မ ၆၆ စသည့်တပ်ဖွဲ့များအပါအဝင် လူပုဂ္ဂိုလ် ၂၀ ကျော်ကိုပိတ်ဆို့အရေးယူထားပြီးဖြစ်ကြောင်းသိရသည်။
#စရခ #တမခ ၃၃ #တမခ ၉၉ #ဗြိတိန်အစိုးရ #ပိတ်ဆို့အရေးယူခံရ #AyeyarwaddyTimes