နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ ဒီဇင်ဘာလ ၁၀ ရက်
ဧရာဝတီတိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေအားလုံးကို Facebook လူမှုကွန်ရက်စာမျက်နှာနဲ့ မက်ဆေ့ဂျာ သုံးစွဲခွင့်ကို ပိတ်ပင်ထားတဲ့လို့ စစ်ကောင်စီတပ်နဲ့နီးစပ်တဲ့ အသိုင်းဝိုင်းက သိရပါတယ်။
စစ်ကောင်စီတပ်မှာရှိတဲ့ စစ်ကြောင်းမှူးအဆင့်ကစတင်ပြီး ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်ဆင့်ကို စစ်တိုင်းမှူးက သုံးစွဲခွင့်ပိတ်ပင်ခဲ့တာလို့ စစ်ကောင်စီတပ်မိသားစုအသိုင်း အဝိုင်းက ပြောပါတယ်။
“တပ်က သတင်းတွေ အပြင်ကို ပေါက်ကြားနေလို့ဆိုပြီးပိတ်တာ။ ခု မိသားစုဝင်တွေနဲ့ ခုဗီဒီယိုကော ခေါ်ပြီးတောင် ပြောလို့မရတော့ဘူး။ တိုင်းမှူးက ပိတ်လိုက်တာလို့ ကြားတယ် ဘာမှကိုမသုံးရတော့တာ”လို့ ဧရာဝတီ တိုင်းအတွင်း စစ်ကောင်စီတပ်ရင်းတစ်ခုမှ တာဝန်ထမ်းဆောင်ဆဲ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးရဲ့ ဇနီးဖြစ်သူက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်းပြီးအစောပိုင်းကာလတွေမှာ တာဝန်ကျတဲ့နေရာကနေ မိသားစုနဲ့ အသိမိတ်ဆွေတွေကို လိုင်းပေါ်ကနေ ဆက်သွယ်စကားပြောခွင့်ရပေမယ့် တိုင်းမှူးကိုယ်တိုင်ပိတ်လိုက်တော့ စကားပြောခွင့်မရတော့ဘူးလို့ ဆိုပါတယ်။
ဧရာဝတီတိုင်းအတွင်းစစ်ကောင်စီတပ်ရင်းတွေကို ပုသိမ် မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) စစ်တိုင်းကကွပ်ကဲတာဖြစ်ပြီး လက်ရှိ နတခ တိုင်းမှူးဟာ စစ်တက္ကသိုလ်(DSA) အပတ်စဥ် ၃၇ ဆင်း ဗိုလ်မှူးချုပ် ကြည်ခိုင်ဆိုသူဖြစ်ကာ ပြီးခဲ့တဲ့အောက်တိုဘာလဆန်းပိုင်းကမှ နတခစစ်တိုင်းမှူးအသစ်အဖြစ်ပြောင်းရွှေ့ရောက်ရှိလာတာဖြစ်ပါတယ်။
” တိုင်းမှူးအသစ်တစ်ယောက်ပြောင်းပြီး ရောက်လာရင် ၃၊ ၄ လလောက်က အဲ့ဒီလိုဘဲလုပ်ကွက်ပြတာ၊ တနည်းပြောရရင်ကွပ်ကဲမှုယူတာပေါ့။ ရောက်ခါစ ၃၊ ၄ လလောက်ကို တပ်တွေလိုက်စစ်မယ်။ သူ့ကွပ်ကဲမှုတပ်တွေ ကို ဟိုဟာမလုပ်ရဘူး၊ဒီဟာမသုံးရဘူး အဲ့ဒီလိုမျိုးအမိန့်တွေထုတ်ပြီးလိုက်ကျပ်မယ်။ ဒါကအသစ်ဖြစ်လာတဲ့တိုင်းမှူးတွေရဲ့ထုံးစံဘဲ။ တိုင်းမှူးချင်းနေရာချိန်းလို့အသစ်ရောက်တာဆိုအဲ့လောက်မဟုတ်ဘူး ခုမှတိုင်းမှူးစဖြစ်ကာဆိုပိုဆိုးတယ် ” လို့ လွတ်မြောက်နယ်မြေရောက် CDM တပ်မတော်သားတဦးကပြောပါတယ်။
ခုလိုမျိုး စစ်ကောင်စီတပ်က တပ်တွင်းသတင်းအချက် အလက်တွေပေါက်ကြားမှုကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖေ့ဘွတ်စ့်နဲ့ မက်ဆေ့ဂျာပိတ်ပင်ခဲ့တာဟာ သက်ဆိုင်ရာ စစ်နယ်မြေအလိုက် တိုင်းမှူးရဲ့ ညွန်ကြားချက်နဲ့သာဖြစ်တယ်လို့ စစ်ကောင်စီတပ်အသိုင်း အဝိုင်းဆီက သိရပါတယ်။
#ဧရာဝတီတိုင်း #နတခ #စစ်ကောင်စီတပ် #ဖေ့ဘွတ် #မက်ဆင်ဂျာ #သုံးစွဲခွင့်ပိတ်ပင် #Ayeyarwaddy_Times