ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၉ ရက်
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်၏ ရှေ့တန်းစစ်အခြေ စိုက်စခန်းတစ်ခုဖြစ်တဲ့ မဲသလွတ်စခန်းကို KNLA တပ်များနှင့် PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာလ ၆ ရက်နေ့ မနက်အစောပိုင်းမှာ သွားရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အမှတ် ၄၀၃ ခြေမြန်တပ်ရင်း (ခမရ ၄၀၃) တပ်စွဲထားတဲ့ အဲ့ဒီ ရှေ့တန်းစခန်း စီးနင်းတိုက်ခိုက်ခံရတာကြောင့် မဲသလွတ်စခန်းက ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ် ဖွဲ့ဝင်အားလုံး စခန်းကို စွန့်ခွာထွက်ပြေးခဲ့ကြပြီးနောက် ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် ပျောက်ဆုံးနေလို့ စစ်တပ်က လိုက်လံ ရှာဖွေနေတယ်လို့ သိရပါတယ်။
KNLA နှင့် PDF ပူးပေါင်းတပ်များ ဝင်ရောက်စီးနင်းတိုက် ခိုက်ခြင်းခံခဲ့ရတဲ့ မဲသလွတ်စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် ရှိတာဖြစ်ပြီး တပ်မဟာ ၅ နယ်မြေထဲ စစ် ကြောင်းထိုးနေတဲ့ ခမရ ၄၀၃ က ဒုတပ်ရင်းမှူး ဦးစီးတဲ့ စခန်းတခုဖြစ်တယ်လို့ KNLA သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ် ခမရ ၄၀၃ တပ် ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှု တွေများပြားခဲ့သလို ပျောက်ဆုံးနေတဲ့သူတွေလည်းအများအပြားရှိတယ်လို့ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့ အခြေစိုက် ခမရ ၄၀၃ တပ်အသိုင်းအဝိုင်းထံက သိရပါတယ်။
”အဲ့ဒီစခန်းက ဒုတပ်ရင်းမှူး ထိုင်တဲ့စခန်းလို့သိရတယ်။ ၆ ရက်နေ့ မနက်တိုက်ပွဲဖြစ်ပြီးတော့ အသေအပျောက် များတယ်ဆိုတာသိတယ်။ ဒါပေမယ့် သူတို့တပ်မိသားစုတွေကတော့ သေတဲ့သူတချို့ရဲ့အခြေအနေကိုဘဲ သိရသေးတယ်။ ပျောက်တဲ့သူတွေလည်းပျောက်နေတာ သေမှန်းမသိ ပျောက်နေတာမှန်းမသိ ပုံစံမျိုးဖြစ်နေတယ်။ အား လုံး သေတာနဲ့ပျောက်တာ ၃၀ နီးပါး အထိရှိနေတယ်”လို့ ခမရ ၄၀၃ တပ်နဲ့နီးစပ်တဲ့ သရက်ချောင်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ထိခိုက်သေဆုံးမှုအသေးစိတ်စုံစမ်းနေဆဲဖြစ်ပြီး ပျောက်ဆုံးနေသူတွေထဲက သေဆုံးသူတွေဆက်လက်များပြားနိုင်တယ်လို့ တပ်သတင်းရင်းမြစ်တွေကပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ခမရ ၄၀၃ တပ်ရင်းဟာ သရက်ချောင်းမြို့အခြေစိုက်တပ်ရင်းဖြစ်ပြီး ဒုတပ်ရင်းမှူး ဟာ စစ်တက္ကသိုလ်(DSA)အမှတ်စဥ် ၄၈ ဆင်း ဗိုလ်မှူး သန်းနိုင်အေး ဆိုသူဖြစ်တယ်လို့ အဲ့ဒီတပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။
ခမရ ၄၀၃ တပ်ရင်းဟာ အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၈) လက်အောက်ခံတပ်ရင်းတခုဖြစ်ပြီး စကခ ၈ နဲ့လက်အောက်ခံတပ်တွေဟာ ကရင်ပြည်နယ်အတွင်း တိုက်ခိုက်ရေး ဝင်ရောက်နေတာဟာ ၂ နှစ်ကျော်ကာလရှိပြီဖြစ်ပါတယ်။
KNLA တပ်မဟာ ၅ နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ ဒီဇင်ဘာလ ၆ ရက်နေ့မနက်အစောပိုင်းက ဖာပွန်ခရိုင်အတွင်း မှာရှိတဲ့ မဲဝိုင်၊ခေါပုတ်-ဒါးကွင်း၊မဲသလွတ် စတဲ့ဒေသတွေက စစ်ကောင်စီတပ်အခြေစိုက် စစ်စခန်း ၄ ခုကို ဒရုန်းဗုံးတွေအပါအဝင် လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ တပြိုင် နက်ထဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိခိုက်သေဆုံးတာများတယ်လို့ KNU တပ်မဟာ ၅ သတင်း ရင်း မြစ်တွေဆီကသိရပေမယ့် တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး တရားဝင်သတင်းထုတ်ပြန်တာမျိုး မရှိသေးကြောင်း သိရပါတယ်။
ဓာတ်ပုံ – KNU
#KNU #တပ်မဟာ ၅ #ဖာပွန်ခရိုင် #တိုက်ပွဲသတင်း #AyeyarwaddyTimes