ကိုအေး/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၉ ရက်

ဧရာဝတီတိုင်းဒေသကြီးတွင် စစ်ကောင်စီက ဒေသခံတောင်သူများအပေါ် နေကြာပင်စိုက်ပျိုးမည်ဆိုပါက ချေးထုတ်ပေးမည်ဟု ဖိအားပေးခိုင်းစေခဲ့သော်လည်း ယနေ့အချိန်အထိ ချေးငွေထုတ်ပေးခြင်းမရှိကြောင်း ​ဒေသခံတောင်သူများထံမှ သိရသည်။

“အစကတော့ နေကြာကို မဖြစ်မနေစိုက်ရမယ်။ အဲ့အတွက် ကုန်ကျငွေကိုလည်း ထုတ်ချေးပေးမယ်လို့တော့ ပြောတယ်။ အခုထိတော့ ထုတ်ချေးပေးတာ မရှိသေးဘူးဗျ။ လက်ရှိတော့ အိတ်စိုက်ပြီး စိုက်ရတယ်။ မျိုး‌ စေ့ကလဲ အပင်မပေါက်တာကများတယ်ဗျ။ ကြားတာတော့ သူတို့အနေကြာအောင်လို့ ယတြာချေတာဘဲ ဖြစ်နိုင်တယ်ဗျ”ဟု ‌မအူပင်မြို့နယ်မှ ဒေသခံတောင်သူတစ်ဦးကဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက လယ်သမားများကို နေရာဒေသလိုက်ခွဲခြားပြီး ၅ဧကလျှင် တစ်ဧကနှုန်း၊ အချို့ဒေသများတွင် တောင်သူတစ်ဦးလျှင်တစ်ဧကနှုန်းဖြင့် မဖြစ်မနေစိုက်ရမည်ဟု ဖိအားပေးစိုက်ခိုင်းနေကြောင်း ဧရာဝတီတိုင်းအတွင်းက ဒေသခံတောင်သူများက ပြောသည်။

“ကျွန်တော်တို့က နွေစပါးစိုက်‌ဧကများတော့ နေကြာကို ပိုပြီးစိုက်ရတာပေါ့။ စပါးစိုက်ပျိုးစယရိတ်အပြင် အဲ့အတွက်ပါ ပိုကုန်နေရတယ်၊အလုပ်သမားက ရှားတာကတမျိုး နေကြာကလဲ ဝယ်ရသေးတယ်ဗျာ။ ပြီးတော့ ထွက်လာတဲ့ နေကြာပန်းက အပင်ပုပုလေးနဲ့ ပွင့်လာတဲ့ နေကြာက ဘုရားပန်းလောက်တောင်မရှိလို့ စိတ်ပျက်လိုက်တာဗျာ။ အဲ့ကုန်ကျငွေက ရေထဲသွန်လိုက်ရသလို ဖြစ်နေတယ်ဗျာ” ဟု ဧရာဝတီတိုင်းဒေသကြီးအတွင်းက ​ဒေသခံ တောင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် သွင်းအားစု ဈေးအဆမတန်မြင့်တက်မှု၊ ရွှေခရုများ ဖျက်ဆီးမှုကြောင့် စိုက်ပျိုးဧကများ ပျက်ဆီးခဲ့ရသည့်အပြင် နေကြာများကို မဖြစ်မနေစိုက်ပျိုးနေရသော်လည်း အပင်မပေါက်မှု၊အပွင့်များ သေးငယ်ခြင်း၊ အပွင့်မလှခြင်းတို့ကြောင့် နေကြာစိုက်တောင်သူများ စိတ်ပျက်နေကြသည်။

#ဧရာဝတီ #နေကြာ #တောင်သူ #ချေးငွေ
#Ayeyarwaddy_Times