ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၉ ရက်

စစ််ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အခြေစိုက် တွေ့ရာသင်္ချိုင်း ဓားမဆိုင်း PDF အဖွဲ့ခေါင်းဆောင်း ဗိုလ်စွမ်းသူမောင်အကြောင်း သတင်းပေးနိုင်သူကို ကျပ်သိန်း ၁၀၀ ချီးမြှင့်မယ်လို့ စစ်ကောင်စီတပ်က ဆားလင်းကြီးမြို့နယ်အတွင်းက ကျေးရွာတွေမှာ လိုက်လံကြေညာနေကြောင်း သိရပါတယ်။

တွေ့ရာသင်္ချိုင်းဓားမဆိုင်း PDF အဖွဲ့ဟာ ဆားလင်းကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေကို အထိနာအောင် ခုခံတိုက်ခိုက်နေပြီး ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီရုံးတွေကိုပါ တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်လာနိုင်တဲ့အတွက် စစ်တပ်က ဗိုလ်စွမ်းသူမောင်ကို အခုလို ဆုငွေသိန်း ၁၀၀ ထုတ်တာလို့ ဒေသခံတွေက ပြောပါတယ်။

“ဆားလင်းကြီးနယ်မှာ စစ်တပ်ကလူတွေက ပြောကြတယ်။ ဓားမဆိုင်းခေါင်းဆောင် စွမ်းသူမောင်ဆိုတဲ့လူကို ဘယ်မှာနေလဲ သတင်းအတ်ိအကျပေးနိုင်ရင် ဆုငွေသိန်း ၁၀၀ ဆုချမယ်လို့ဆိုပြီး မေးကြတယ်။ ရွာတိုင်းလိုလို စစ်ကောင်စီတပ်သားတွေက မက်လုံးပေးပြီး မေးနေကြတယ်”လို့ ဆားလင်းကြီးနယ်က ဒေသခံအမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

စစ်တပ်က ဆုငွေသိန်း ၁၀၀ မက်လုံးပေးပြီး ဆားလင်းကြီးမြို့နယ်အတွင်းက ကျေးရွာတွေမှာ ဗိုလ်စွမ်းသူမောင်အကြောင်း လိုက်လံမေးမြန်းစုံစမ်းနေပေမယ့် ဒေသခံတွေက သတင်းပေးပြောဆိုကြတာ မရှိဘူးလို့ သိရပါတယ်။

“စစ်တပ်ကတော့ သိန်း ၁၀၀ မက်လုံးပေးပြိး ဗိုလ်စွမ်းသူမောင်အကြောင်း လိုက်မေးနေတာ။ ကျွန်မတို့ကတော့ ဘယ်ပြောပါ့မလဲ။ PDF ဆိုတာက ပြည်သူကိုကာကွယ်နေတာလေ။ စစ်တပ်ကသာ ပြည်သူတွေရွာတွေကို မိးရှို့ဖျက်ဆီး၊ ပြည်သူတွေကို သတ်နေတာ။ အဲတော့ သူတို့ သိန်း ၁၀၀ မကလို့ သိန်း ၁ ထောင်ပေးလည်း ဗိုလ်စွမ်းသူမောင်အကြောင်းကို ဒေသခံတွေက ပြောမှာမဟုတ်ပါဘူး”လို့ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မိမိကို သိန်း ၁၀၀ ဆုငွေထုတ်ထားတာ မှန်ကန်ကြောင်းနဲ့ အစစအရာရာ သတိထားပြီး စစ်ကောင်စီကို ခုခံတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း တွေ့ရာသင်္ချိုင်းဓားမဆိုင်းအဖွဲ့ခေါင်းဆောင် ဗိုလ်စွမ်းသူမောင်က ပြောပါတယ်။

“ကျွန်တော်ကို နေတဲ့နေရာနဲ့ ဘယ်သူဆိုတာ သတင်းပေးနိုင်ရင် သိန်း ၁၀၀ ပေးမယ်ဆိုပြီး စစ်တပ်ကပြောနေကြတယ်လို့ ဒေသခံတွေကသတိပေးကြတယ်။ ဂရုစိုက်နေဖို့ကအစ အဓိကဗျာ။ လက်နက်ကမပြည်စုံတော့ ရဲဘော်တွေအတွက် လက်နက်မတပ်ဆင်ပေးနိုင်လို့ စိတ်မကောင်းသလို အစစအရာရာလဲ ဂရုစိုက်နေကြရတယ်”လို့ ဗိုလ်စွမ်းသူမောင် က ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

လက်ရှိမှာ ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့အတွက် တွေ့ရာသင်္ချိုင်း ဓားမဆိုင်းအဖွဲ့နဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်တပ်ရဲ့ ရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေကြောင့် ဒေသခံထောင်နဲ့ချီ အိုးအိမ်စွန့်ခွာထွက်ပြေးနေရဆဲ ဖြစ်ပါတယ်။

#Ayeyarwaddy_Times