ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၉ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်အကျဥ်းထောင် ညွန်ကြားရေးမှူး ဇော်စစ်အောင်ဆိုသူဟာ အကျဥ်းသားများကို ထောင်ဥပဒေအရ တားမြစ်ထားတဲ့ပစ္စည်းများကို ကိုယ်တိုင်သွင်းပေးပြီး သူကိုယ်တိုင်ပြန်လည်ရှာဖွေဖမ်းဆီးကာ နှိပ်စက်ညှင်းပန်းမှုများ ပြုလုပ်နေတယ်လို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
“တရားမဝင်ပစ္စည်းတွေကို ထောင်ထဲကို သူကိုယ်တိုင်ထည့်တယ်။ ပိုက်ဆံနဲ့ရောင်းတယ်။ စီးပွားရှာနေတဲ့သဘောပေါ့။အပြင်က၀ယ်လာရင် သူ့ကိုသယ်ယူခပေးပြီးထောင်ထဲအရောက်ရတယ်ပြီးတော့ ရှာဖွေရေးလုပ်ပြီးသူကိုယ်တိုင်ပြန်ဖမ်းတယ် “လို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အကျဥ်းသားများ လက်ဝယ်သို့ အကျဥ်းထောင် ဥပဒေအရတားမြစ်ထားတဲ့အရာများတွေ့ပါက ထောင်ဥပဒေ(၄၂)အရအရေးယူခံရတဲ့အပြင် အကျဥ်းထောင် ညွှန်မှူး ဇော်စစ်အောင်ဆိုသူနှင့်ထောင်ဝန်ထမ်းများကိုယ်တိုင် အကျဥ်းသားများကို ပြန်လည်ဖမ်းဆီးကာ ရိုက်နှက်ခြင်း၊ တိုက်ပိတ်ခြင်းများကို ပြုလုပ်နေတယ်လို့ သိရပါတယ်။
ညွန်မှူးဇော်စစ်အောင်က ပုသိမ်ထောင်မှာထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဥ်းသားများအပေါ်မှာလည်း အကြောင်းမဲ့ခေါ်ယူကာ ရိုက်နှက်မှုများလည်းရှိနေတယ်လို့ ပုသိမ်အကျဥ်းထောင်အတွင်းက ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ဆိုပါတယ်။
“ညွန်မှုးဆိုတဲ့သူကမူးလာရင်သွေးဆိုးတယ် ညတိုင်း ထောင်၀န်ထမ်းတွေကသူတို့ ခွဲတန်းထဲက အရက် တစ်သိန်းကျော်တန် တစ်နေ့ တစ်လုံး သူ့ကို ၀ယ်ပေးရတယ် သောက်လို့မူးလာရင်ထောင်ထဲ၀င်ပြီး နိုင်ကျဥ်းတွေကိုပြသနာရှာရော”လို့ ပုသိမ်အကျဥ်းထောင်အတွင်းက ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီ၃၀အချိန်က နိုင်ငံရေးအကျဥ်းသား CDM ရဲတပ်သား ကိုသူရိန်လင်းကို ဇော်စစ်အောင်ဆိုသူက အကြောင်းမဲ့ရိုက်နှက်၊ကန် ကျောက်ကာ ညှဥ်းပန်းနှိပ်စက်ခဲ့တာကြောင့် ထောင်ဆေးရုံမှာတက်ရောက်ကုသနေရတယ်လို့ သိရပါတယ်။
ထောင်ညွန်မှူးကို လုပ်ပိုင်ခွင့်ကိုအလွဲသုံးစားပြုလုပ်ပြီးနိုင်ငံရေးအကျဥ်းသားများကို ရိုက်နှက် ညှဥ်းဆဲခြင်း၊အကျဥ်းထောင်အတွင်းသို့ တရားမဝင်ပစ္စည်းများထည့်သွင်းနေခြင်းကို စစ်ကောင်စီအဖွဲ့တွေက သိရှိပေမယ့်အရေးယူအပြစ်ပေးတာတွေပြုလုပ်ခြင်းမရှိဘူးလို့ အကျဥ်းဦးစီးနဲ့နီးစပ်သူတွေက ပြောပါတယ်။
#ပုသိမ် #အကျဥ်းထောင် #အကျဥ်းသား #တားမြစ်ပစ္စည်း #ထောင်ညွန်မှူး
#Ayeyarwaddy_Times