ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၉ ရက်
ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF စစ်ရုံးချုပ်ကို အောက်တိုဘာလ ၁၀ ရက်နေ့က ဖွဲ့စည်းထူထောင်ပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က Radio NUG မှ တဆင့် တရားဝင်ကြေငြာပြောဆိုခဲ့သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် ၅ ချောင်းထောက်ပုံစံဖြင့် ဌာနကြီး (၅) ခု ပါဝင်ပြီး (၁) စစ်ဆင်ရေးဌာန၊(၂) စစ်ထောက်လှမ်းရေးဌာန၊(၃) စစ်ရေးဌာန၊ (၄) စစ်ထောက်ဌာန နှင့် (၅) ပြည်သူ့လုံခြုံရေးဌာန တို့ဖြစ်ကြပြီး ဌာနအလိုက် ဌာနခွဲများ ပူးပေါင်းပါဝင်ပြီး စစ်ဦးစီးရုံးက တိုက်ရိုက်တာဝန်ပေးဆောင်ရွက်သည့် အထူးရုံးများလည်း ပါဝင်မှာဖြစ်ကြောင်း ဦးရည်မွန်က ပြောသည်။
စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူနဲ့ ပူးပေါင်းလာတဲ့ တပ်မတော်သား အရာရှိနဲ့ ရဲဘော်များမှာလည်း ၎င်းတို့၏ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံအပေါ်မူတည်ပြီး သက်ဆိုင်ရာဌာန၊ ဌာနခွဲတွေမှာ ပါဝင်တာဝန်ထမ်းဆောင်နေကြပြီဖြစ်ကြောင်း သိရသည်။
PDF တပ်မတော်တွင် စစ်ရုံးချုပ်၊ မြောက်ပိုင်းတိုင်း/ အလယ်ပိုင်းတိုင်း/ တောင်ပိုင်းတိုင်း စစ်တိုင်း ၃ ခုနှင့် မြေပြင်တပ်ရင်းတပ်ဖွဲ့များ ရှိလာပြီ ဖြစ်ပြီး တပ်မတော်တစ်ရပ်ရဲ့ ဦးရေးထောက်လုပ်ငန်းတွေကို သက်ဆိုင်ရာဌာနအလိုက် စစ်ရုံးချုပ်၊ စစ်တိုင်းများနဲ့ မြေပြင်တပ်ရင်းတပ်ဖွဲ့များအကြား ပုံမှန်ဆက်သွယ်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ဦးရည်မွန်က အသိပေးပြောဆိုထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ ပူးပေါင်းဖွဲ့စည်းတဲ့ စစ်ဒေသ ( ၃ ) ခုအထိရှိနေပြီး စစ်ဒေသမှူးများအဖြစ် မဟာမိတ် EROs တွေရဲ့ စစ်ဖက်ထိပ်တန်းခေါင်းဆောင်များ တာဝန်ယူထားကြောင်း သိရသည်။
“စစ်ဆင်ရေးဆောင်ရွက်တဲ့အခါမှာတော့ စစ်ဒေသမှူးများဦးဆောင်တဲ့ စစ်ဒေသကွပ်ကဲရေး တာဝန်ရှိသူအဆင့်ဆင့်ရဲ့ ဦးဆောင်ကွပ်ကဲမှုကို ခံယူကြရမှာဖြစ်တယ်။ PDF စစ်ရုံးချုပ် ထူထောင်နိုင်ပြီဖြစ်တဲ့အတွက် ငါတို့တပ်မတော်ရဲ့ Chain of Command တည်ဆောက်မှုဟာ ပိုပြီး စနစ်တကျရှိလာပြီလို့ ဆိုရမယ်။ စစ်ရေးအတွေ့အကြုံရှိပြီးသား ခေါင်းဆောင်များရဲ့ ဦးဆောင်မှုနဲ့ ဆင်နွှဲတဲ့ စစ်ဆင်ရေးအစီအစဥ်တွေဟာ ရှေ့မှာပိုပြီး ဗျူဟာမြောက် ပိုပြီး ထိရောက်အောင်မြင်မှုရှိလိမ့်မယ်လို့ ငါတို့ ယုံကြည်တယ်။ ငါတို့ရင်ဆိုင်နေတဲ့ အကြမ်းဖက် စစ်တပ်ဟာ Chain of Command အသားသေပြီးသား စစ်တပ်တစ်ခုဖြစ်တယ်ဆိုတာ သတိမမေ့ဖို့လိုတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အနာဂတ်မရှိတော့တဲ့ ဖက်ဆစ်စစ်တပ်ဟာ အကြမ်းဖက်မှု၊ စစ်ရာဇဝတ်မှုတွေကို မျက်ကန်းတစ္ဆေမကြောက် ကျူးလွန်ကြလိမ့်မယ်။ PDF တပ်မတော်ကတော့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ရဲ့ ရှေ့ပြေးအမြုတေအဖြစ် ထူထောင်တာ ဖြစ်တဲ့အတွက် ငါတို့တပ်မတော်ရဲ့ ဂုဏ်ကို ငါတို့ စောင့်ထိန်းကြရမယ်” ဟု ဆက်လက်ပြောဆိုသည်။
PDF များအနေဖြင့် စစ်ဖက်ဆိုင်ရာကျင့်ဝတ်နှင့် စည်းမျဥ်းစည်းကမ်းများကို အတိအကျလိုက်နာခြင်းသည် PDF တပ်မတော်၏ဂုဏ် ဖြစ်ပြီး PDF တပ်မတော်၏ အနာဂတ်ဖြစ်ကြောင်း သတိပေးပြောဆိုထားသည်။
#PDF #စစ်ရုံးချုပ် #ဖွဲ့စည်း #NUG #ဦးရည်မွန်
#Ayeyarwaddy_Times