ဧရာဝတီတိုင်းမ်
(နမ့်ဆန်)၊ ဒီဇင်ဘာလ ၉ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ် ဟူးမန်းနှင့် ကုန်းသာရွာအနီးတွင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ ဒီဇင်ဘာလ း(၈)နေ့ အထိ တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး ဒေသခံပြည်သူများ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

TNLAနှင့် စစ်ကောင်စီတပ်တို့ ဒီဇင်ဘာလ(၇)ရက်နေ့တွင် စတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယမန်နေ့ ဒီဇင်ဘာလ (၈)ရက်နေ့ တနေ့လုံး၌ တိုက်ပွဲများဆက်လက် ပြင်းထန်နေသည့်အတွက် မန်လုံ(ဘန်လုံး)ရွာအပြင် ပိန်းလုံနှင့် ဆာမ်ငါမ်ကျေးရွာတွင်ရှိသည့် ဒေသခံအများစုလည်း ဘေးလွတ်ရာနေရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မန်လုံ(ဘန်လုံး) ဒေသခံတစ်ဦးက ပြောသည်။

၎င်းက ” တိုက်ပွဲက မနေ့ တနေကုန်ဖြစ်နေတာ၊ ဝေဟင်ကနေလည်း လေယာဥ်နဲ့ ဗုံးကြဲတယ်၊ နမ့်ဆန်ကနေလည်း လက်နက်ကြီးလှမ်းပစ်တယ်၊ ရွာတွေထဲမှာ ကျမှာကြောက်တော့ အနီးအနားက ဘေးလွတ်တဲ့ရွာတွေမှာ အကုန်ရှောင်ကုန်တယ်၊ တချို့က နမ့်ဆန်မြို့အထိ တိမ်းရှောင်နေတာတွေ ရှိတယ်” ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒီဇင်ဘာလ(၈)ရက်နေ့ တိုက်ပွဲတွင် TNLAတပ်စခန်း တည်ရှိသည့် ဟူးမန်းနှင့် ကုန်းသာရွာအနီးတို့တွင် စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဥ်အပြင် မန်တုံ၊ နမ့်ဆန်စစ်ကောင်စီတပ်စခန်းများမှလည်း လက်နက်ကြီး အကြိမ်(၂၀)ထက်မနည်း ပစ်ကူနေ ကြောင်း ဒေသခံ တစ်ဦးက အတည်ပြုပြောဆိုသည်။

“တိုက်ပွဲကတော့ မနေ့ကဆို တနေ့ကုန်ကို ဖြစ်တာ အခုထိ တိုက်ပွဲဆက်ဖြစ်နေတုန်းပဲ။ တိုက်ပွဲမှာတော့ ညပိုင်းအထိပဲ လေကြောင်းကနေရော ပြီးတော့ နမ့်ဆန်နဲ့ မန်တုံဘက်ကရော လက်နက်ကြီးပစ်ကူနဲ့ပစ်နေတာ တိုက်ပွဲဖြစ်တဲ့အခြမ်းကို လှမ်းပစ်နေတာ။ တိုက်ပွဲအသေးစိတ်ကတော့ မသိရသေးဘူး”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

TNLA၏ စစ်ဒေသ(၂)ဖြစ်သည့် နမ့်ဆန်မြို့နယ် ဟူးမန်းကျေးရွာနှင့် ကုန်းသာကျေးရွာအနီးသို့ စစ်ကောင်စီတပ်က လေယာဉ် ၅စီးဖြင့် စတင်တိုက်ခိုက်ခဲ့သည်ဟု TNLAက သတင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ပေးပို့
#နမ့်ဆန်. TNLA #စစ်ကောင်စီ #ဟူးမန်း #ကုန်းသာ #တိုက်ပွဲ
#Ayeyarwaddy_Times