ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၈ ရက်

ဥရောပပါလီမန်က အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၏ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကို ကြိုဆိုကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။

NUG အစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းမှာ ဥရောပပါလီမန်တွင် မြန်မာ့အရေး ဆွေးနွေးရန် ယနေ့ ရောက်ရှိနေပြီး NUG အစိုးရနှင့် မြန်မာပြည်သူလူထုကိုယ်စားလှယ်အဖြစ် ရောက်ရှိလာသည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကို ကြိုဆိုကြောင်း ဥရောပပါလီမန်က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှ တရားဝင် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရဝန်ကြီး ဦးအောင်မောင်မင်ကို ဥရောပပါလီမန်မှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါသည်။ ဦးအောင်မျိုးမင်းသည် မြန်မာနိုင်ငံသားများ၏ ဒီမိုကရေစီတောင်းဆိုမှုများ၏ တရားဝင် ပြည်သူ့ကိုယ်စားလှယ်ဖြစ်ပါသည်”ဟု ဥရောပပါလီမန်က သတင်းထုတ်ပြန်သည်။

ဥရောပပါလီမန်တွင် “၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့အခြေအနေ”ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတရပ်ကို ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်သွားရန် စီစဉ်ထားပြီး အဆိုပါ ဆွေးနွေးပွဲသို့ NUG အစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကို ပါဝင်ဆွေနွေးရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

“ဥရောပ ပါလီမန်မှာ မြန်မာ့အရေး စကားပြောပါမယ်”ဟု ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

အဆိုပါဆွေးနွေးပွဲမှာ ဥရောပသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သတ်၍ ထိရောက်သော နိုင်ငံရေးလမ်းညွှန်မြေပုံတရပ် ရေးဆွဲသွားရန် ရည်ရွယ်၍ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဝန်ကြီး ဦးအောင်မျိုးမင်းနှင့်အတူ မြန်မာ့လူ့အခွင့်အရေးကွန်ရက်မှ ဦးကျော်ဝင်း၊ ရခိုင်ပြည်နယ်မှ သတင်းထောက် မရတ်ကျော်သူ၊ မြန်မာကျောင်းသားများပရိုဂရမ်မှ မမိုးသူဇာ၊ ဂျာမနီရောက် မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းသူများအဖွဲ့မှ မငြိမ်းချမ်းမေနှင့် မြန်မာရိုဟင်ဂျာ အသင်းမှ ဦးထွန်းခင်တို့လည်း တက်ရောက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
#Ayeyarwaddy_Times #NUG #EU #ဥရောပပါလီမန်