ဧရာဝတီတိုင်းမ်
(နမ့်ဆန်)၊ ဒီဇင်ဘာ ၈ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တအာင်း(ပလောင်) ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်အတွင်းရှိ ဟူးမန်းကျေးရွာနှင့် ကုန်းသာကျေးရွာအနီး တအာင်းမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)တပ်စခန်းအား စစ်ကောင်စီတပ်မှ ယမန်နေ့ ဒီဇင်ဘာလ ၈ ရက် နေ့လည် ၂ နာရီခွဲ ဝန်းကျင်တွင် လေကြောင်းဖြင့်တိုက်ခိုက်ခဲ့‌ရာ တိုက်ပွဲများပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

“တိုက်ပွဲအခြေအနေက တော်တော် ပြင်းထန်တယ်။ ဟူးမန်းရွာနဲ့ ကုန်းသာရွာအနီးတစ်ဝိုက်မှာ TNLAတပ်စခန်းတွေ ရှိတယ်။ စစ်ကောင်စီတပ်တွေက အဲ့နေရာတွေမှာ လေယာဥ်နဲ့ လူအင်အား လာချတော့ တိုက်ပွဲစဖြစ်တာ။ စစ်ကောင်စီတပ်က လေယာဥ်ရော လက်နက်ကြီးပစ်ကူနဲ့ပါ ပစ်နေတာ”ဟုဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် နမ့်ဆန်မြို့နယ်၊ မန်လုံ (ဘန်လုံး)၊ ဟူးမန်းနဲ့ ကုန်းသာရွာတို့အား ဦးတည်လာခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီး ကြောင့် ကုန်းသာရွာအတွင်းရှိ အရပ်သားနေအိမ်များထိခိုက်ပျက်စီးမှုရှိကြောင်း TNLA၏ သတင်းနှင့် ပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ထားပြီး ထုတ်ပြန်ချက်တွင် စစ်ကောင် စီတပ်မှ ဂျက်တိုက်လေယာဥ်ဖြင့်ပါ အသုံးပြုတိုက်ခိုက်နေကြောင်း ပါရှိသည်။

ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံအမျိုးသမီးတစ်ဦးကလည်း”မနေ့တုန်းက လေယာဥ်က ဖြတ်သွားမယ်လို့ပဲ ထင်တာ မဟုတ်ဘူး။ သူတို့က လူအင်အားတွေ လာချသွားတယ်။ ပြီးတော့ ကုန်းသာနဲ့ ဟူးမန်းဘက်မှာ လေယာဥ်နဲ့ပါ ပစ်တာ၊ ည ၁၀နာရီအထိကို လက်နက်ကြီးသံတွေကြားနေရတယ်၊တိုက်ပွဲက ဆက်ပြီး ပြင်းထန်မယ့် အခြေ အနေမှာ ရှိတယ်”ဟု ပြောသည်။

နမ့်ဆန်မြို့နယ်သည် TNLA၏ တပ်မဟာ(၂)စစ်ဒေသဖြစ်ပြီး တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှု အခြေ အနေများကို မသိရသေးကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ -TNLA
#TNLA #နမ့်ဆန် #တိုက်ပွဲဖြစ်ပွား #စစ်ကောင်စီတပ် #AyeyarwaddyTimes