ဧရာဝတီတိုင်းမ်
(ကျောက်တံခါး)၊ ဒီဇင်ဘာလ ၈ ရက်
ပဲခူးတိုင်း၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ သတိ ပဌာန်ရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်လှိုင်ဝင်း အား ဒီဇင်ဘာ လ ၇ ရက် ညနေ ၅ နာရီတွင် ဗိုလ်ကျောက်ခဲဦးဆောင်သည့် မြို့ပြပြောက်ကျားအဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းသိရသည်။
အသက် ၄၈ နှစ်အရွယ်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အောင်လှိုင်ဝင်း(ခ)ကုလားကြီးအား သေနတ်ဖြင့် ၄ ချက်ပစ်ခတ်ရှင်းလင်းခဲ့ပြီး နေရာတွင်ပင်သေဆုံးကာ ၎င်းထံ မှ လက်လုပ်သေနတ်အတို ၁ လက်၊ စည်းတံဆိပ်၊ မှတ် ပုံတင်နှင့်စာရွက်စာတမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“သူကစစ်ကောင်စီရဲ့ထောက်တိုင်အုပ်ချုပ်ရေးမှူးလဲဖြစ်တယ်၊ သူကသတင်းပေးလဲဟုတ်တယ်၊ အရင်တည်းကနေအုပ်ချုပ်ရေးမှူးတွေကိုထွက်ပေးပါလို့သတိပေးထားတာရှိတယ်၊ ခုကသူ့မှာသေနတ်တောင်ရှိတယ်ဆိုတော့ဒါဟာ စစ်ကောင်စီရဲ့လက်အောက်ခံထောက်တိုင်ဆိုတာထင်ရှားနေတယ်” ဟု ပဲခူးတိုင်းကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါအုပ်ချုပ်ရေးမှူးမှ သတင်းပေးတိုင်ကြားမှုများကြောင့်ဖမ်းဆီးခံရသူပြည်သူများရှိကာ ၎င်းအားနန်းထိုက်အောင်စစ်ဆင်ရေးအနေဖြင့် ပစ်ခတ်ရှင်းလင်းခြင်းဖြစ်ကြောင်း သိရသည်။
ဗိုလ်ကျောက်ခဲဦးဆောင်သည့်မြို့ပြပြောက်ကျားအဖွဲ့သည် ဇွန်လ ၁၅ ရက်နေ့တွင်လည်း ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းနယ်မြေရဲစခန်းမှ တပ်ကြပ်ကြီးထွန်းထွန်းနိုင်အား သေနတ်ဖြင့် ၅ ချက်ခန့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။
#ကျောက်တံခါး #စစ်ကောင်စီခန့် #အုပ်ချုပ်ရေးမှူး #ပစ်ခတ်ရှင်းလင်း #AyeyarwaddyTimes