ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဒီဇင်ဘာ ၈ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် မကြာခဏလာရောက်ကင်းထောက်မှု များကြောင့် ဒေသခံပြည်သူများက လွတ်မြောက်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
မတူပီမြို့နယ်အတွင်းက မားဒူကျေးရွာ၊ အမ်ဆွေးကျေးရွာ၊ လာလွီးကျေးရွာ၊ လွီဗန်းကျေးရွာ၊ ဝလံသဲကျေးရွာ၊ ဝလံပီကျေးရွာများ အပါအဝင် ကျေးရွာအချို့ကို စစ်ကောင်စီက အနီရောင်နယ်မြေအဖြစ် သတ်မှတ်ထားသည်ဟု သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ရဟတ်ယာဉ်ဖြင့် မကြာခဏလာရောက်ကင်းထောက်မှုများ ပြုလုပ်လာခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“မတူပီမြို့နယ်မှာ အနီရောင်နယ်မြေအဖြစ်သတ်မှတ်ခံထားရတဲ့ ကျေးရွာတစ်ချို့ရဲ့ နာမည်တွေ ယခင်လမှာ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ သတင်းထွက်ပေါ်လာပြီးနောက်ပိုင်းမှာ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ လာရောက်ကင်းထောက်မှုတွေ နေ့တိုင်းပြုလုပ်လာပါတယ်။ စစ်ကောင်စီက အချိန်မရွေး လေကြောင်းနဲ့ ဗုံးကြဲလာနိုင်တဲ့အတွက် အဆိုပါကျေးရွာမှာ နေထိုင်ကြတဲ့ ပြည်သူတွေဟာ လွတ်မြောက်ရာသို့ ခက်ခက်ခဲခဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်”ဟု အမ်ဆွေးကျေးရွာနေဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ကျေးရွာအပေါ် စစ်ကောင်စီအနေဖြင့် အနီရောင်နယ်မြေအဖြစ် သတ်မှတ်ကြောင်း တရားဝင်ထုတ်ပြန်ကြေငြာထားခြင်းမရှိပဲ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများမှ သတင်းပေါက်ကြားလာခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။
အဆိုပါကျေးရွာများသို့ စစ်ကောင်စီက အချိန်မရွေးအင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာနိုင်ခြင်း၊ လေကြောင်းဖြင့် အချိန်မရွေးတိုက်ခိုက်လာနိုင်ခြင်းတို့ကြောင့် ဒေသခံပြည်သူများက ပြည်တွင်း၊ ပြည်ပများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း မီဇိုးရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာသော အမျိုးသားတစ်ဦးထံမှ သိရသည်။
မတူပီမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ကျော်အထိရှိနေပြီး စစ်ကောင်စီတပ်က အရပ်သားပြည်သူများကို ပစ်မှတ်ကာ ရည်ရွယ်ချက်ရှိရှိဖြင့် ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် စစ်ဘေးရှောင်ပြည်သူများပိုမိုတိုးပွားလာကြောင်း မတူပီမြို့နယ် စစ်ဘေးရှောင်ကော်မတီထံမှ သိရသည်။
#မတူပီ #စစ်ကောင်စီ #ရဟတ်ယာဥ် #ကင်းထောက် #စစ်ဘေးရှောင်
#Ayeyarwaddy_Times