ဧရာဝတီတိုင်းမ်
(ဒီပဲယင်း)၊ ဒီဇင်ဘာလ ၉ ရက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့မှစတင်၍ ဒီဇင်ဘာလ ၈ ရက်အထိ ၁ ပတ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်များမှ မြို့နယ်အစပ်များရှိကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီးနေမှုများကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသည့် ဒေသခံပြည်သူ ၁ သောင်းကျော်အထိရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်များမှာ ဒီပဲယင်းမြို့နယ်အတွင်းသို့ ရေဦးမြို့နယ်နှင့် ရွှေဘိုမြို့နယ်ဘက်တို့မှ စစ်ကြောင်း ၂ ကြောင်းဖြင့် ပျော်ဘွယ်၊ ညောင်လှ၊ ကံကုန်း၊ နများ၊ ယဉ်ကျေး၊ ဘန့်ဘွေး၊ မူရိုးကုန်း၊ ကုန်းကြီး၊ အင်ပင် စသည့်ကျေးရွာ(၁၁)ရွာအား မီးရှိုက်ဖျက်ဆီးခဲ့ကြပီး အဆိုပါကျေးရွာများရှိ ဘုန်းကြီးကျောင်း ၃ ကျောင်းပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“စစ်ရှောင် တစ်သောင်းကျော် နှစ်သောင်းဝန်းကျင်အထိ ရှိနိုင်ပါမယ်။ စစ်ကြောင်းနှစ်ကြောင်းနဲ့ ပြေးလွှားကြရတာ များတယ်။ ရေဦးနယ်ဘက်က စစ်ကြောင်းဟာလည်း လက်ရှိ ဒီပဲယင်းအရှေ့ခြမ်းကျေးရွာတွေမှာ ရှိနေပါတယ်။ ရွှေဘိုနယ်ဘက်က စစ်ကြောင်းဟာ မူးရိုးကုန်းကျေးရွာ တံတားကနေပြီး ဒီနေ့ မူးအရှေ့ဘက် ရွှေဘိုနယ်ဘက်ကို ကူးသွားပြီး ဒီနေ့မှာပြန်ဝင်လာတယ်။ လက်နက်အင်အားဖြည့်ပြီးပြန်ဝင်လာတာပါ” ဟု ဒေသခံ ပြည်သူ့ကာကွယ်တပ်ဖွဲ့တစ်ခုဖြစ်သည့် ဒီပဲယင်းမြို့နယ်ညီနောင်များ ၏ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ကလည်း ညောင်လှကျေးရွာနှင့်ကံကုန်းကျေးရွာများကို မီးရှို့ခဲ့ရာ ဘုန်းကြီးကျောင်း၊ ဆက်သွယ်ရေးရုံး၊ ထွေအုပ်ရုံးများအပါအဝင် နေအိမ်ပေါင်း ၆၅ လုံးမီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

“ဒေသခံပြည်သူတစ်ဦးပစ်သတ်ခံရတယ်။ မူးမြစ်ကူးတံတားကျိုးကျတာမှာ ၂ ဦးပျောက်ဆုံးနေပြီး တစ်ဦးသေဆုံးတယ်။ နေရာတော်တော်များများမှာ ထောင်ဂဏန်းရှိတဲ့စစ်ရှောင်တွေ ရှိနေတယ်။ ရက်ရှည်လာချိန်မှာ အကူညီ‌ပေးရတာ‌ေတွခက်ခဲလာတယ်” ဟု ဒီပဲယင်းမြို့နယ်ညီနောင်များ၏ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ဒီပဲယင်းဒေသခံလယ်သမားတစ်ဦးက “ကျွန်တော်တို့ဘက်ကတော့စစ်ကြောင်းနဲ့ဝေးတော့ မီးရှို့ခံရတာမရှိပေမဲ့ စစ်ရှောင်လာကြတာတွေရှိတယ်။ စစ်ရှောင်တဲ့သူတွေကတော့အများကြီးရှိတယ်ဆိုတာကြားရတာပေါ့။တစ်ရွာကို လူပေါင်း ၅၀၀၊၁၀၀၀ စစ်ရှောင်ကြတာဆိုဝောာ့ အဲ့ဒီဘက်ကစိုက်ပျိုးရေးလုပ်ငန်းတွေကတော့ ဒီတိုင်းထားခဲ့ရတာပေါ့” ဟု ဆိုသည်။

လက်ရှိတွင်စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာအခက်အခဲများနှင့်ကြုံတွေ့နေရပြီး ဘေးလွတ်ရာရွာများ၊ ဘုန်းကြီးကျောင်းများတွင် ကြုံသလို ခိုလှုံနေထိုင်လျှက်ရှိပြီး ဒီဇင်ဘာလ ၈ ရက်တွင်လည်း စစ်ကောင်စီတပ်များက မြို့ကြီးကျေးရွာနှင့် မူရိုးကုန်းရွားအား ထမ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း ​ဒေသခံများထံမှ သိရသည်။

#ဒီပဲယင်း #စစ်ကောင်စီ #စစ်ကြောင်းထိုး #မီးရှို့ #ဒေသခံ #စစ်ဘေးရှောင်
#Ayeyarwaddy_Times