ဗီအာတီ/ဧရာဝတီတိုင်းမ်

မင်းတပ်၊ ဇူလိုင်လ ၄ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ချပ်ကျေးရွာတွင် ဇူလိုင်လ(၂)ရက်နေ့က စစ်လေယာဉ်ဖြင့် စစ်ကောင်စီတပ်က ကြဲချသော ဗုံးဆန်များအား မပေါက်ကွဲဘဲ ကျန်ရှိနေသည်ကို တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။

“စစ်ကောင်စီလေကြောင်းက ကြဲချလာတဲ့ ဗုံးဆန်တွေ မပေါက်ကွဲဘဲ အများအပြားတွေ့ရှိထားပါတယ်။ အခုလို မပေါက်ကွဲဘဲ ကျန်ရှိနေတဲ့ ဒုံးကျည်/ဗုံးဆန်တွေကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မင်းတပ်မြို့၊ ချပ်ကျေးရွာကို စစ်ကောင်စီတပ်က စစ်လေယာဉ်ဖြင့် ရုတ်တရက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နှစ်ခြင်းဘုရားကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်တစ်ချို့ထိခိုက်ပျက်စီးသွားပြီး အပြစ်မဲ့ပြည်သူ(၃)ဦး သေဆုံးကာ ပြည်သူစုစုပေါင်း(၁၀)ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဗုံးကြဲတိုက်ခိုက်မှုသည် သူလျှို/ဒလန်များ၏ သတင်းပေးခြင်းကြောင့်ဖြစ်ပြီး ၎င်းတို့ကို လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဟု CDF-Mindatက သတင်းထုတ်ပြန်ထားသလို MINDAT EMERGENCY RESPONSE TEAM(MERT)ကလည်း ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။