
ဧရာဝတီတိုင်းမ်
ဇူလိုင် ၄ ရက်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းသည့်အချိန်မှစ၍ ၂၀၂၂ ခုနှစ် ဇွန်လ (၃၀) ရက်နေ့အထိ မွန်ပြည်နယ်အတွင်းရှိ ပြည်သူများ အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခံရသူ ၃၇၂ ဦးထိရှိနေတယ်လို့ လဂွန်းအိမ်စာစဥ်ရဲ့ စာရင်းများအရ သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ကျိုက်ထိုမြို့တွင် ၄၄ ဦး၊ ဘီးလင်းမြို့တွင် ၄၇ ဦး၊ သထုံမြို့တွင် ၃၅ ဦး၊ပေါင်မြို့တွင် ၃၂ ဦး၊ မော်လမြိုင်မြို့တွင် ၉၆ ဦး၊ ချောင်းဆုံမြို့တွင် – ၂၅ ဦး၊မုဒုံတွင် ၁၈ ဦး၊ကျိုက်မရောမြို့တွင် ၂၀ ဦး၊ သံဖြူဇရပ်တွင် ၁၉ ဦးနှင့် ရေးတွင် ၃၆ ဦးတို့ဖြစ်ကြပါတယ်။
အာဏာသိမ်းပြီးချိန်မှစ၍ မွန်ပြည်နယ်အတွင်း မတရားဖမ်းဆီးထိန်းသိမ်းခြင်း ခံရသူ ၆၅၀ ဦးကျော်အထိ ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် အာဆီယံ၏ ဖိအားပေးမှုများကြောင့် အကျဉ်းသားများပြန်လည် လွှတ်ပေးခဲ့ရာ မွန်ပြည်နယ်မှ ၂၃၅ ဦး ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ လဂွန်းအိမ်စာစဥ်က ဆိုပါတယ်။
ထို့နောက် ယခုနှစ်သင်္ကြန်ကာလတွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် နိုင်ငံရေးတက်ကြွလှုရှားသူများ မဟုတ်တဲ့ အရပ်သားပြည်သူ ၄၃ ဦး ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ လဂွန်းအိမ်စာစဥ်က ရေးသားဖော်ပြထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ရက်ပေါင်း ၅၁၉ ရက်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ သတ်ဖြတ်ခြင်းခံရသူ ၂၀၅၇ ဦး၊ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၄၄၅၀ ဦးအထိရှိနေတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPP က သတင်းထုတ်ပြန်ထားပါတယ်။