ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၈ ရက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ စမ်းကြီးဝရပ်ကွက်၊ ခရေ ပင်လမ်းမပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် ယနေ့ ဒီဇင်ဘာလ ၈ ရက် မနက် ၈ နာရီ ၄၅ မိနစ်တွင် ဗုံးခွဲတိုက် ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။

” စစ်ဆေးရေးလုပ်တဲ့နေရာက ၉၈၁ GE တပ်နားမှာလုပ်တာ။ အဲ့ဒီနားမှာက စစ်ထွက်တွေနေတဲ့အိမ်ယာတွေလည်းရှိတယ်။ ဗုံးကွဲတာတော့အကြီးအကျယ်ဘဲ ။ ထိခိုက်တာတွေရှိနိုင်တယ်” ဟု မင်္ဂလာဒုံမြို့ခံတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်၊ ရဲနှင့် ယာဥ်ထိန်းရဲအင်အားအများအပြားရှိသည့် စုပေါင်းစစ်ဆေးရေးဂိတ်ဖြစ်ပြီး အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သဖြင့် စစ်အုပ်စုဘက်က ၁ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

” ဗုံးကွဲတာ သူတို့ဘက် ၁ ယောက်သေတယ်။ ၇ ဦးဒဏ်ရာရတယ်။ အသက်လျော်ကြေးတွေ ပြန်ကိုပေးဆပ်ရမှာပါ။ ဒါကြောင့် စစ်ဆင်ရေးကို အခုလိုပေးထားတာပါ။ရသင့်ရထိုက်တဲ့ အသက်လျော်ကြေးကိုပြန်ယူမှာပါ။ အသက်တစ်ချောင်းအတွက် သူတို့ဘက်ကပြန်ပေးဆပ်ရမှာ မနည်းဘူးဆိုတာ သိစေချင်တာပါ”ဟု Yangon UG Assoication တာဝန်ခံတစ်ဦးကဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဒဏ်ချမှတ်ခံရသော ရဟန်းရှင်လူ ပြည်သူများနှင့် ကျောင်းသားများအတွက်ရည်ရွယ်၍ အသက်လျော်ကြေးစစ်ဆင်ရေးအဖြစ် သုံးလမ်းဆုံအနီးရှိ စစ်ဆေးရေးဂိတ်အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း Yangon UG Association အဖွဲ့ကထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုအား YUA အဖွဲ့ဝင် God`s Hand Forces(GHF) တပ်ခွဲ ၆ ဖြစ်သည့် Black Fox YGN UG မှလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

နောက်လာမည့် မစ်ရှင်များတွင်လည်း ယူနီဖောင်းဝတ်များ၊ ရပ်ကျေးများကို အဓိကပစ်မှတ်ထား တိုက်ခိုက်သွားမည်ဖြစ်ပြီး စစ်ကောင်စီဒေါက်တိုင် များ၊ စစ်ကောင်စီနှင့်သက်ဆိုင်သည့်နေရာများ၊ ဌာနများ၊ ရုံးများ၊ အထိုင်ကင်းနှင့် လှည့်ကင်းများဝေးရာ တွင် နေပေးကြရန် YUA မှ မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဓာတ်ပုံ- ဗုံးခွဲတိုက်ခိုက်ခံရမှုများကို စစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲဝင်များရဲ့ ပုံဟောင်းဖြစ်သည်။
#မင်္ဂလာဒုံ #စစ်ဆေးရေးဂိတ် #ဗုံးခွဲခံရ #AyeyarwaddyTimes