နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မော်ကျွန်း)၊ ဒီဇင်ဘာလ ၈ ရက်
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ ဒီဇင်ဘာလ ၅ ရက်နေ့ ညပိုင်းက အမျိုးသားရေးအစွန်းရောက် မဘသ အဖွဲ့ဝင် သားအမိ ၂ ဦး ပစ်ခတ်ခံရပြီးနောက်ပိုင်း ဒေသခံပြည်သူ ၁၀ ဦးကျော်ကို စစ်ကောင်စီက စွပ်စွဲဖမ်းဆီးထားတယ်လို့ သိရပါတယ်။
မော်ကျွန်းမြို့နယ်၊ ဆင်မဝဲကျေးရွာက စစ်ကောင်စီသတင်းပေး ပြည်သူ့စစ်ခေါင်းဆောင် မင်းမင်းဆိုသူကို Eagle Guerilla Force အဖွဲ့က ရှင်းလင်းပြီးနောက်ပိုင်း ဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်သားတွေက စွပ်စွဲဖမ်းဆီး နေတာလို့ ဒေသခံတွေက ပြောပါတယ်။
“အားလုံးဆို ၁၀ ဦးကျော်လောက်ရှိပြီ။ အနီးနားရွာတွေက လိုက်ဖမ်းနေတာ အားလုံးအမျိုးသား ၁၁ ဦး ဖမ်းသွားတာ”လို့ ဆင်မဝဲဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ စွပ်စွဲဖမ်းဆီးတာခံရတဲ့ ဒေသခံတွေကတော့ ရှောက်ချောင်း၊ ဆင်မဝဲချောင်က ဒေသခံတွေဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင်မင်းမင်းကို ရှင်းလင်းတာနဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေက သတင်း ထုတ်ပြန်ထားပေမယ့် မဆိုင်တဲ့ ဒေသခံတွေကို စွပ်စွဲဖမ်းဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးထားတဲ့ ဒေသခံတွေပြည်သူတွေကို မော်ကျွန်းမြို့မရဲစခန်းအချုပ်မှာ ဖမ်းဆီးထားပြီး မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးသေးဘူးလို့ ဆိုပါတယ်။
#မော်ကျွန်း #ဒေသခံ #၁၀ ဦးကျော် #ဖမ်းဆီးခံရ #Ayeyarwaddy_Times