ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၈ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်အကျဥ်းထောင်တွင် ဒီဇင်ဘာလ ၆ ရက်နေ့က ရဲ CDM နိုင်ငံရေးအကျဥ်းသားတစ်ဦးအား စစ်ကောင်စီလက်အောက်ခံ ထောင်ညွှန်ကြားရေးမှူးက အရက်မူးပြီး ရိုက်နှက်ကန်ကျောက်ခဲ့ကြောင်း အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီခွဲခန့်က ပုသိမ်အကျဥ်းထောင်ညွှန်ကြားရေးမှူး ဇော်စစ်အောင်ဆိုသူက ရဲ CDM နိုင်ငံရေးအကျဥ်းသားတစ်ဦးအား နာရီဝက်ခန့်ကြာအောင် ရိုက်နှက်ကန်ကျောက်၍ ပြန်လည်ထွက်ခွာသွားကြောင်း အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

” ၆ ရက်နေ့ ညနေ ၆ နာရီခွဲ ထောင်ညွှန်မှူး ဇော်စစ်အောင်နဲ့ ညွှန်မှူးရုံးက ထောင်ဝန်ထမ်းတွေက ထောင်ထဲဝင်လာပြီးတော့ ကြံခင်းက ရဲညီနောင်ထဲက အကြီးကောင်ကို တုတ်နဲ့ မျိုးစုံရိုက်ခြေထောက်တွေနဲ့ကန်တယ်။ ညွှန်မှူးက မူးနေတယ်။ နာရီဝက်လောက် ရိုက်နှက်ပြီးတော့ ပြန်ထွက်သွားတယ်” ဟု အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရိုက်နှက်ကန်ကျောက်ခံရသူမှာ ဧရာဝတီတိုင်း၊ ကြံခင်းမြို့မှ CDM ရဲညီအကိုနှစ်ယောက်အနက်မှ အကြီးဆုံးသား ကိုသူရိန်လင်းဆိုသူဖြစ်ပြီး ၎င်းတို့ ၂ ဦးမှာ စစ်အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှ ပထမဆုံး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသူများဖြစ်သည်။
လက်ရှိတွင် ကိုသူရိန်လင်းမှာ ရိုက်နှက်ခံရသည့် ဒဏ်ရာများကြောင့် ထောင်ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း သိရသည်။

ယင်းကဲ့သို့ ဝင်ရောက်ရိုက်နှက်နေချိန်မှ စတင်ပြီး ရဲတပ်ဖွဲ့ဝင်များက နိုင်ငံရေးအကျဥ်းသားများ၏ အခန်းများရှေ့တွင် သေနတ်များကိုင်၍ မနက်မိုးလင်းသည်အထိ စောင့်ကြည့်နေကြကြောင်း အကျဥ်းသားများ တုံ့ပြန်မှုတစ်စုံတစ်ရာပြုလုပ်ခဲ့မည်ဆိုပါက ပစ်ခတ်နိုင်ရန် အဆင်သင့်ပြင်ထား​ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုသည်။

“အဲ့လိုဝင်ရိုက်တဲ့အချိန်မှာလည်း ထောင်ပတ်လည်မှာ ဝိုင်းထားတယ်။ နိုင်/ကျဥ်းတွေရဲ့ အခန်းတွေဘက်ကို သေနတ်ပြောင်းတွေလှည့်ပြီး ချိန်ထာကြတာ။ ထောင်ဆူရင် ပစ်ဖို့ အဆင်သင့်ပြင်ခိုင်းထားတယ်။ အဲ့နေ့က နိုင်/ကျဥ်းတွေက ဘာမှ မလုပ်တော့ သူတို့စီစဥ်ထားသလိုဖြစ်မလာဘူး။ နောက်တနေ့ မနက်အထိ အဲ့အတိုင်းပဲဆက်စောင့်ကြည့်နေတယ်။ မနက်ကြ ဘာမှမထူးတော့ ပြန်သွားကြတယ်” ဟု အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ပုသိမ်အကျဥ်းထောင်တွင် ဆန္ဒပြမှုတောင်းဆိုမှုများ ပြုလုပ်ပါက နိုင်ငံရေးအကျဥ်းသားများကို ခေါင်းကို အိတ်စွပ်ပြီး ဝိုင်းဝန်ရိုက်နှက်မှုတွေ လုပ်ဆောင်နေကြောင်း အကျဥ်းထောင်နှင့် နီးစပ်သူအချို့က ပြောသည်။

နိုဝင်ဘာလအတွင်းကလည်း ထောင်ဝင်စာပို့ချိန် နိုင်ငံရေးအကျဥ်းသားတစ်ဦးအား တာဝန်ကျရဲတစ်ဦးမှာ ရိုက်နှက်ခဲ့ခြင်းကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ထောင်ဝင်စာပို့ချိန်အား ရပ်ဆိုင်းလိုက်ကာ အဆိုပါနေ့က တရားရုံးချိန်းများကိုလည်း ရပ်နားလိုက်ကြောင်း သိရသည်။

ပုသိမ်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသားမျာအပေါ် ထောင်အာဏာပိုင်များက ညှင်းပန်းနှိပ်စက်မှုများ မကြာခဏလုပ်ဆောင်လေ့ရှိပြီး နိုင်ငံရေးအကျဥ်းသားများအနေဖြင့် လက်ရှိအခြေအနေထက် ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်နေကြသည်။

ပုသိမ်အကျဉ်းထောင်တွင် ပုသိမ်ခရိုင်အတွင်းက နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော်ရှိနေပြီးထောင်တွင်း တရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့သူ ဦးရေ ၁၀၀ ဝန်းကျင်အထိရှိနေကြောင်း နိုင်ငံရေးအကျဥ်းသားအရေးကူညီပေးနေသူများထံက သိရသည်။

#ပုသိမ် #အကျဥ်းထောင် #CDM #ရဲ #သူရိန်လင်း #ညွန်မှူး #ရိုက်နှက်ကန်ကျောက်
#Ayeyarwaddy_Times